မော်လမြိုင်မြို့တွင် ဆန္ဒထုတ်ဖော်မှု၌ ပညာရေးဝန်ထမ်းများနှင့် ကျောင်းဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်း ဆရာဝန်များ၊ သူနာပြုများပူးပေါင်းပါဝင်လာကြောင်း သိရသည်။
အဆိုပါမြို့တွင် အာဏာသိမ်းစစ်အစိုးရအလိုမရှိကြောင်း ပြည်သူများဆန္ဒဖော်ထုတ်လျက်ရှိရာ ယနေ့ (ဖေဖော်ဝါရီ ၉ ရက်) တွင် မော်လမြိုင်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းများနှင့် ကျောင်းဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်း ဆရာဝန်များ၊ သူနာပြုများအပြင် ရှေ့နေများ ပြည်သူများနှင့်အတူ ပူးပေါင်းပါဝင်လာကြောင်း သိရသည်။
ထို့ပြင် NLD ပါတီ ထောက်ခံဝန်းရံသူများ၊ မော်လမြိုင်တက္ကသိုလ် ကျောင်းသား/ကျောင်းသူများ၊ လူမှုကယ်ဆယ်ရေး ပရဟိတအဖွဲ့အချို့နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများလည်း ပူးပေါင်းပါဝင်ခဲ့ပြီး အင်အားသောင်းချီ၍ မြို့တွင်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် "စစ်အာဏာရှင် ကျဆုံးရေး....... ဒို့အရေး၊ ဒီမိုကရေစီ ရရှိရေး....... ဒို့အရေး၊ နိုင်ငံတော်သမ္မနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ပြန်လွှတ်ပေးရေး....... ဒို့အရေး" စသည်ဖြင့် ကြွေးကြော်ခဲ့ကြသည်။
ထိုသို့ဆန္ဒပြမှုများအပြင် စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် မြို့လုံးကျွတ်သံဗုံးတီးခြင်း၊ ကား၊ ဆိုင်ကယ်များဖြင့် လှည့်လည် ဆန္ဒထုတ်ဖော်ခြင်းများကို နေ့စဉ် ည ၈ နာရီအချိန်တွင် ပြုလုပ်လျက်ရှိသည်။
မွန်ပြည်နယ်အတွင်းရှိ သထုံ၊ ဘီးလင်း၊ ပေါင်၊ သံဖြူဇရပ်၊ ကျိုက္ခမီမြို့အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိမြို့များ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီးအပါအဝင် နိုင်ငံအနှံ့ ဆန္ဒပြမှုများ အရှိန်မြင့်ပြုလုပ်နေကြောင်း သိရသည်။