ရွေးကောက်ပွဲပြန်လည်ကျင်းပပြီး အနိုင်ရပါတီအား အာဏာလွှဲပြောင်းပေးမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြော

ရွေးကောက်ပွဲပြန်လည်ကျင်းပပြီး အနိုင်ရပါတီအား အာဏာလွှဲပြောင်းပေးမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြော
by -
မင်းထွန်း (DMG)

လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အသစ်ဖွဲ့စည်းထားပြီဖြစ်ကြောင်းနှင့် မဲစာရင်းများ စစ်ဆေးလျက်ရှိပြီး အမြန်ဆုံးထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

“UEC အသစ်ကို ကျွန်တော်တို့ ဖွဲ့စည်းပြီးပါပြီ။ မဲစာရင်းတွေ စစ်ဆေးလျက်ရှိတယ်။ အမြန်ဆုံး ထုတ်ပြန်ပေးသွားပါမယ်။ ဒီနေရာမှာ ထူးခြားနေတာက အရင် UEC က တတိယအကြိမ်မဲစာရင်း ထုတ်ပြန်ခဲ့တယ်လို့ပြောတယ်။ လက်တွေ့စစ်ဆေးကြည့်ရာမှာ တတိယအကြိမ်မဲစာရင်းဆိုတာ အခုထိ မတွေ့ဘူး။ တွေ့ရရင်လည်း အတည်ပြုလုပ်ဆောင်မယ်။ ဒုတိယအကြိမ်မဲစာရင်းကိုပဲ ပြန်လည်လုပ်ဆောင်ထားတာ တွေ့ရတယ်” ဟု ၎င်းကပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၈ ရက်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ ပြောကြားသည့်မိန့်ခွန်းတွင် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရွေးကောက်ပွဲကို မည်သည့်အချိန်၌ ကျင်းပမည်ကို တပ်မတော်အစိုးရအနေဖြင့် တိတိကျကျ ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။

ထို့ပြင် ၎င်းက နိုင်ငံ့အာဏာသိမ်းယူရခြင်းနှင့်ပတ်သက်၍ ရွေးကောက်ပွဲ မဲမသမာမှုများကို ဖြေရှင်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)၊ လွှတ်တော်နှင့် သမ္မတတို့ထံ တောင်းဆိုခဲ့သော်လည်း တာဝန်ရှိသူများအနေဖြင့် အကြောင်းအမျိုးမျိုးပြပြီး တာဝန်ယူမှု၊ တာဝန်ခံမှုများပျက်ကွက်ခဲ့သည့်အတွက် အရေးပေါ်အခြေအနေကြေညာကာ နိုင်ငံ့တာဝန်များ ထမ်းဆောင်နေရခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ မလွှဲမရှောင်သာတဲ့ အကြောင်းတွေကြောင့်သာ အရေးပေါ်ကာလမှာ တာဝန်ယူထားရတာဖြစ်တယ်။ အခြေခံဥပဒေရဲ့ အရေးပေါ်ကာလ ပြဌာန်းချက်တွေအရသာ ဆောင်ရွက်သွားမှာဖြစ်တယ်။ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို စောင့်ရှောက်ဖော်ဆောင်သွားမှာဖြစ်တယ်။ ပါတီစုံဒီမိုကရေစီစနစ်အရ ကောင်းမွန်သန့်ရှင်းတဲ့ အစိုးရတစ်ရပ်နဲ့ အုပ်ချုပ်မှုပုံစံ ပေါ်ထွန်းလာစေရမယ်” ဟု ၎င်းက ပြောသည်။

တစ်ဖက်တွင် တပ်မတော်အစိုးရမှ ရွေးကောက်ပွဲပြန်လည်ကျင်းပမည်ဆိုပါက ရခိုင်နိုင်ငံရေးပါတီကြီးများဖြစ်သည့် ရခိုင်အမျိုးသားပါတီနှင့် ရခိုင့်ဦးဆောင်ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီတာဝန်ရှိသူများက DMG သတင်းဌာနသို့ ဖြေကြားထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...