ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင်သာမက တိုင်းရင်းသားပြည်နယ်များတွင်ပါ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုများ စတင်နေပြီဖြစ်ကြောင်း သိရသည်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုအဖြစ် တိုင်းရင်းဒေသတစ်ခုဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင်လည်း ကျောင်းသား လူငယ်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဝန်ထမ်းများက ဖေဖော်ဝါရီ ၇ ရက်တွင် ပထမဦးဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
“ကျွန်တော်တို့က လားရှိုးတက္ကသိုလ်ရှေ့ကနေ စတာပါ။ ဒီနေ့မနက်ပိုင်းမှာ စလုပ်ကြတာပါ။ အားလုံးက အာစစ်အာဏာရှင်မလိုမရှိဘူး၊ ကျွန်တော်တို့ကိုယ်တိုင် မဲပေးခဲ့တဲ့ ရွေးချယ်ခဲ့တဲ့အစိုးရပဲ ဒီအစိုးရအနေနဲ့လက်ခံတာပါ။ ဘာပဲပြောပြော အခုလို စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ မတရားဘူး၊ အတင်းအဓမ္မပေါ့နော်၊ ပြည်သူကို အနိုင်ကျင့်တယ်လို့ပဲမြင်တယ်။ အဲ့ဒါကြောင့် ဒီဆန္ဒထုတ်ဖော်မှုမှာ ပါဝင်ရတာပါ။ ကျွန်တော်တို့ လားရှိုးမှာ ဒီနေ့ (ဖေဖော်ဝါရီ ၇ ရက်) စလုပ်တယ်။ မနက်ဖြန်လည်း ဆက်လုပ်သွားမယ်။ နောက်ရက်တွေလည်း စစ်အာဏာရှင်ကျဆုံးတဲ့အထိ လုပ်သွားကြမှာပါဗျ” ဟု ဆန္ဒပြရာတွင်ပါဝင်ခဲ့သည့် လားရှိုးဒေသခံ ကိုမျိုးဦးကပြောသည်။
လားရှိုးမြို့က ဆန္ဒထုတ်ဖော်မှုတွင် စစ်အာဏာရှင်အလိုမရှိ၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ၊ ပြည်သူများကရွေးချယ်ထားသည့် အရပ်သား အစိုးရကိုသာ ထောက်ခံကြောင်း၊ ဖမ်းဆီးခံထားရသည့် ခေါင်းဆောင်များအား ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်ဟု ပြောသည်။
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နှင့် ဖယ်ခုံမြို့တို့တွင်လည်း ဒေသခံထောင်ချီက တပ်မတော်အာဏာသိမ်းခြင်းအား ဆန့်ကျင်ကန့်ကွက်ကြောင်း ယနေ့ညနေအချိန်ခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထို့ပြင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်လည်း စစ်အာဏာရှင်ဆန္ဒကျင်သည့် စီတန်းလှည့်လည်မှုများ စတင်လုပ်ဆောင်နေပြီဟု မော်လမြိုင်မြို့ ခံ မိချမ်းမွန် က ပြောသည်။
“ဒီနေ့ကတော့ လမ်းထွက်တဲ့လူတော့ ရှိတယ်။ ဒါပေမယ့် ရန်ကုန်တို့လိုတော့ မဟုတ်ဘူးပေါ့နော်။ ထောင်ချီတော့ရှိမယ်။ ဒီမှာက မနက်ပိုင်းရော ညနေပိုင်းရောလုပ်ကြတာပေါ့။ ရန်ကုန်လိုမျိုး လမ်းလျှောက် ဆန္ဒထုတ်ဖော်တာတော့ မဟုတ်သေးဘူး။ အော်တာမျိုးလည်း မဟုတ်ဘူး။ ဆိုင်ကယ်နဲ့ လှည့်ကြတယ်။ ဒီမှာက ဒီနေ့မှစတယ်။ မနက်ဖြန်လည်း ဒီမှာက လုပ်အုံးမယ်။ ဒီကတော့ အခြေအနေကတော့ အေးအေးဆေးဆေးပါပဲ၊ ကျမတို့ဆီမှတော့ တပ်တို့ဘာတို့ လုံခြုံရေးယူတာမျိုးလည်း သိပ်မတွေ့ရသေးဘူး။ ကမ်းနားလမ်းတို့၊ အောက်လမ်းတို့ တစ်လျှောက်နဲ့ မြို့ထဲ နေရာတွေမှာ ဆိုင်ကယ်စီးပြီး လှည့်တာမျိုးပေါ့။ တခြားမြို့တွေတော့ မကြားသေးဘူး။ မော်လမြိုင်မြို့ပေါ်မှာပဲ စလုပ်တာပါ။”
ဆက်လက်၍ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်လည်း စစ်အာဏာရှင်စနစ်ကို ကန့်ကွက်သည့်အနေဖြင့် ဆိုင်ကယ်များ၊ မော်တော်ကားများဖြင့် လှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။
အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့တွင်လည်း ဒေသခံများ စစ်တပ်အာဏာသိမ်းမှုဆန်ကျင်သည့် ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူများအား ဖမ်းဆီးနှိမ်နှင်းမှုများ ပြုလုပ်ခဲ့သည်ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ ဒီနယ်စပ် ချစ်ကြည်ရေးတံတားဘက်မှာ ဖြစ်သွားတာပါ။ ရဲတွေက ဆန္ဒပြတဲ့လူတွေကို လိုက်ဖမ်းတယ်။ ပြီးတော့ သေနတ်တွေပစ်ပြီး လူစုခွဲတယ်လို့ ပြောတာပါ၊ ကျနော်က အစပိုင်းလေးပဲသွားပြီး လူများလာတော့ ပြန်လာတာဗျ။ ဆန္ဒပြတာကို ဦးဆောင်တဲ့လူတွေကိုလည်း ဖမ်းထားတယ်လို့ ပြောတယ်ဗျ။ ခြောက်ယောက်လား ခုနစ်ယောက်လားမသိဘူး ရဲကဖမ်းသွားတာလေ” ဟု မြဝတီမြို့ခံ ကိုဘိုဘိုက ပြောသည်။
ကချင်ပြည်နယ်အပါအဝင် တခြားသော တိုင်းရင်းသားပြည်နယ်များတွင်လည်း လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်သည့် လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းမရှိသေးသော်လည်း ညတိုင်း အိုးခွက်သံပုံးများတီးကာ စစ်အာဏာသိမ်းမှုကို မလိုလားကြောင်း၊ ဆန့်ကျင်ကြောင်း အခြားသော တိုင်းနှင့်ပြည်နယ်အသီးသီးက ပြည်သူများနည်းတူ ပြသလျက်ရှိသည်။
ကချင်ပြည်နယ်အပါအဝင် အခြားသော ပြည်နယ်များတွင်လည်း မနက်ဖြန်မှစတင်၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းလမ်းပေါ်ဆန္ဒပြလှုပ်ရှားမှုများ စတင်မည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။