နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ပေးရန်ကမ်းလှမ်းချက် ရခိုင့်ဦးဆောင်ပါတီ (AFP) ကငြင်းဆိုလိုက်ကြောင်း သိရသည်။
အဆိုပါ, ပါတီအနေဖြင့် လက်ရှိအရေးပေါ်ကာလ အပြောင်းအလဲများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်တစ်စောင်ကို ဖေဖော်ဝါရီ ၆ ရက်က ထုတ်ပြန်ရာတွင် ထိုသို့ဖော်ပြခဲ့ခြင်းဖြစ်သည်။
AFP အနေဖြင့် အဆိုပါကမ်းလှမ်းချက်ကို လက်မခံခဲ့ခြင်းက လက်ရှိတွင် ပါတီခေါင်းဆောင် ဒေါက်တာအေးမောင်နှင့် အဆက်အသွယ်မရသေးသည့်အတွက်ကြောင့်ဖြစ်သကဲ့သို့ ရှုပ်ထွေးနေသည့်အနေအထားတွင် မည်သည့်နေရာကမှ မပါဝင်ချင်သေးသည့်အတွက်ကြောင့်ဖြစ်သည်ဟု ယင်းပါတီပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက ပြောသည်။
“အဲတာက အကျယ်ပြောရမယ်ဆိုရင် ဒေါက်တာအေးမောင်နဲ့ ကျွန်တော်တို့ အသေအချာဆွေးနွေးပြီးတော့ ပြောရမှာဖြစ်တယ်။ ဒေါက်တာအေးမောင်နဲ့ ကျွန်တော်တို့နဲ့လည်း အဆက်အသွယ်မရသေးဘူး။ လောလောဆယ် အကြမ်းဖျင်းအနေနဲ့ဆိုရင် ရှုပ်ထွေးတဲ့အနေအထားမှာ တစ်ဖက်ကမှ မပါချင်ဘူး။ အခု ဘက်နှစ်ဖက်ဖြစ်ကြတယ်၊ ဗမာပြည်မှာ ဘက်နှစ်ဖက်အာဏာရဖို့အတွက် လုကြတယ်သဘောပေါ့။ အခုလောလောဆယ် မပါချင်သေးတဲ့သဘောပါ” ဟု ၎င်းကဆိုသည်။
ယင်းအပြင် NLD အစိုးရရှိစဉ်ကာလတွင် ဒေါက်တာအေးမောင်အပေါ် မတရားချမှတ်ခဲ့သောပြစ်ဒဏ်များအား လက်ရှိနိုင်ငံတော်အုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုကာ လွှတ်ပေးနိုင်ရေးအတွက် ရခိုင့်ဦးဆောင်ပါတီကိုယ်စား မိမိတို့ပါတီ ဒုတိယဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ စာရေးသား ပေးပို့တောင်းဆိုထားကြောင်း AFP ပါတီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အခုက တပ်မတော်အနေနဲ့လည်း တိုင်းရင်းသားဒေသတွေမှာ နိုင်ငံရေးတင်းမာမှု လျော့ချစေချင်တဲ့သဘောထားတွေကို မြင်ရတဲ့အတွက် ဒေါက်တာအေးမောင်တို့ လွတ်ကောင်းလွတ်နိုင်တယ်လို့ အကြမ်းမျဉ်း မျှော်လင့်လို့ရတယ်” ဟု ဦးကျော်ဇောဦးက ပြောသည်။
ဒေါက်တာအေးမောင်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးအား ပြန်လွှတ်ပေးရေးမှာ ရခိုင့်ဦးဆောင်ပါတီ၏ အစဉ်တစိုက်တောင်းဆိုချက်ဖြစ်သည်ဟု ဆိုသည်။
အလားတူ ပြည်တွင်းငြိမ်းချမ်းရေးအပါအဝင် ရခိုင့်အကျိုးစီးပွားရေးရာများနှင့်ပတ်သတ်၍ ပြောဆိုစရာရှိသည်များကို မည်သည့်အဖွဲ့အစည်းနှင့်မဆို ပြောဆိုဆွေးနွေးဆက်ဆံသွားမည်ဖြစ်ကြောင်းနှင့် ရခိုင့်ဦးဆောင်ပါတီ၏ အခြေခံမှုတစ်ရပ်ဖြစ်သည့် “သန့်ရှင်းအားကောင်းသော ရခိုင်နိုင်ငံရေးရပ်ဝန်း” ဖြစ်ထွန်းလာစေရေးအတွက် ဦးတည်လျက် ရခိုင်လူထုအမျိုးသားအကျိုးစီးပွားအား ဦးထိပ်ပန်ဆင်ကာ ရခိုင့်အမျိုးသားရေးတာဝန်ကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။