ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌအဖြစ် လက်ခံခဲ့သူကို တအာင်း (ပလောင်) အမျိုးသားပါတီ ထုတ်ပယ်
စစ်တပ်မှ အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု၏ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများခန့်အပ်ရာတွင် ပြည်ခိုင်ဖြိုးပါတီဝင် လေးဦးပါဝင်ပြီး တအာင်း (ပလောင်) အမျိုးသားပါတီမှ တစ်ဦးပါဝင်ကြောင်း သိရသည်။
ပြီးခဲ့သည့် NLD အစိုးရ ငါးနှစ်သက်တမ်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီးဖြစ်သော ပြည်ခိုင်ဖြိုးပါတီမှ ဦးခွန်ရဲထွေး အား ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌအဖြစ်ခန့်အပ်ခဲ့ပြီး ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ (ပင်းတယ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်) ဦးအာကာလင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ (ကုမ်းကြမ်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) ဦးမြင့်ဆွေ (ခ) လီကျိန်းဖူ၊ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ (ဟိုပန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) ဦးညီနပ်နှင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌအဖြစ် တအာင်း (ပလောင်) အမျိုးသားပါတီမှ (မန်တုံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်-၁ ) တားသိန်းဇော်တို့ကို ခန့်အပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ တအာင်း (ပလောင်) အမျိုးသားပါတီ ဗဟိုအထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်က “ခေါ်တုန်းကလည်း ကျွန်တော်တို့ပါတီနဲ့ ညှိနှိူင်းဆောင်ရွက်တာမရှိဘူး။ ကျွန်တော်တို့ ပါတီသဘောထားမပါဘူး။ ဒါကြောင့် သူ့ကို ပါတီကနေ နုတ်ထွက်ခွင့် ပေးလိုက်တယ်။ အာဏာသိမ်းတဲ့ကိစ္စကို ကျွန်တော်တို့က အများပြည်သူဆန္ဒအတိုင်း လက်မခံပါဘူး။ သဘောလည်းမတူပါဘူး” ဟု ပြောကြားခဲ့သည်။
ယင်းသို့ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများအဖြစ် ရွေးချယ်ခန့်အပ်လိုက်သည့် ကိုယ်စားလှယ်များမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီမှ အနိုင်ရထားသူများဖြစ်သော်လည်း ဦးခွန်ရဲထွေးမှာ အနိုင်ရရှိခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။