ကချင်ပြည်နယ်တွင် NLD အမတ်အချို့ ကျမ်းသစ္စာကျိန်ဆိုခြင်းပြုလုပ်

ကချင်ပြည်နယ်တွင် NLD အမတ်အချို့ ကျမ်းသစ္စာကျိန်ဆိုခြင်းပြုလုပ်
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ  ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အချို့ ကျမ်းသစ္စာကျိန်ဆိုခြင်းအား ယနေ့ (ဖေဖော်ဝါရီ ၅ ရက်) ပြုလုပ်ခဲ့ကြောင်း သိရသည်။

"အဓိကတော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တာဝန်ကို တတိယအကြိမ် စတင်ထမ်းဆောင်ပြီဆိုတဲ့အကြောင်းကို ကျမ်းသစ္စာဆိုတာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင် ၂၀၂ဝ ရွေးကောက်ပွဲမှာ ပြည်သူကရွေးချယ်တင်မြောက်ခဲ့တဲ့အတိုင်း နေပြည်တော်မှ ကတိသစ္စာမပြုနိုင်ခဲ့သော်လည်း ကျွန်တော်တို့ကိုယ်တိုင် ကတိသစ္စာပြုပြီးတော့မှ ပြည်သူတွေပေးအပ်ထားတဲ့တာဝန် ထမ်းဆောင်သွားမှာပါ” ဟု ကျမ်းသစ္စာကျိန်ဆိုမှုပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောသည်။

တတိယအကြိမ်လွှတ်တော်စတင်မည့် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ မြို့နယ်ပါတီဥက္ကများအား ထိန်းသိမ်းမှုများပြုလုပ်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကိုမူ နေပြည်တော်စည်ပင်ရိပ်သာတွင် ထိန်းသိမ်းထားခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီ ၂ နေ့တွင် နေရာဒေသအသီးသီးမှ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်အချို့ လွတ်မြောက်လာပြီး နေပြည်တော်စည်ပင်ရိပ်သာတွင် ထိန်းသိမ်းထားသည့်ကိုယ်စားလှယ်များကို မိမိနေရပ်သို့ ၂၄ နာရီအတွင်းပြန်ရန် ဖေဖော်ဝါရီ ၃ ရက်တွင် တပ်ကအမိန့်ပေးခဲ့သည်။

သို့သော် စည်ပင်ဧည့်ရိပ်သာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်အချို့ ကျန်ရှိနေခဲ့ပြီး ယင်းကျန်ရှိနေခဲ့သည့် ကိုယ်စားလှယ်များက စစ်အာဏာသိမ်းယူမူအား လက်မခံခြင်းမရှိသည့်အတွက် ဖေဖော်ဝါရီ ၄ ရက်တွင် တတိယအကြိမ်လွှတ်တော်ကို စည်ပင်ဧည့်ရိပ်သာတွင်ပင် ကျင်းပပြုလုပ်ခဲ့သည်။

မိမိနေရပ်သို့ ပြန်လည်ရောက်ရှိသွားသည့် လွှတ်တော်ကိုယ်စားလှယ်များသည် အွန်လိုင်းမှတစ်ဆင့် ကျမ်းသစ္စာဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

"ကျွန်တော်တို့က ရွေးကောက်ခံကိုယ်စားလှယ်တွေဖြစ်တဲ့အတွက် လုပ်သင့်လုပ်ထိုက်တာကို ကျမ်းသစ္စာကျိန်ဆိုတဲ့ဟာကို လက်မှတ်ထိုးပြီးတော့ တင်ထားတာဟုတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ပြည်သူတွေရဲ့မဲနဲ့ ရွေးချယ်ထားတာဖြစ်တဲ့အတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ” ဟု ဝိုင်းမော်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇေခေါင်ကပြောသည်။

အဆိုပါ ကျမ်းသစ္စာဆိုရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာရေး၊ နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေရေး၊ တိုင်းရင်းသားမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အား ထာဝစဉ် ဦးထိပ်ပန်ဆင်ဆောင်ရွက်မည်ဖြစ်ကြောင်း သစ္စာပြုခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံရှိနေသရွှေ့ လွှတ်တော်ကိုယ်စားလှယ်ရှိနေသေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်က သဘောထားထုတ်ပြန်ထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...