Civil Disobedience Campaign တွင် ရေးမြို့နယ်က လက်ထောက်ဆရာဝန်များပါဝင်လာ

Civil Disobedience Campaign တွင် ရေးမြို့နယ်က လက်ထောက်ဆရာဝန်များပါဝင်လာ
by -
စိုင်းထွန်းစံ (MNA)

စစ်အာဏာသိမ်းမှု အောက်တွင်အလုပ်မလုပ်နိုင်ဟုဆိုကာ Civil Disobedience Campaign တွင် မွန်ပြည်နယ် ရေးမြို့နယ်မှ ဆရာဝန်များ ပါဝင်လာကြောင်း သိရသည်။

မွန်ပြည်နယ် ရေးမြို့နယ် ပြည်သူ့ဆေးရုံရှေ့တွင် Civil Disobedience Campaign ကို ကျန်းမာရေးဝန်ထမ်း လက်ထောက်ဆရာဝန်၊ သူနာပြု ၅၀ ဦးခန့်က ယနေ့ (ဖေဖော်ဝါရီ ၃ ရက်) နံနက် ၉ နာရီခန့်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

“လုပ်တာကတော့ ကိုယ်အမြင်အရပြောရရင် ကောင်းတော့ကောင်းပါတယ်။ တစ်ခုတော့ စဉ်စားရမယ်။ လူနာအတွက်တော့ ကြည့်ရမယ်ပေါ့။ လူနာအတွက်ကြည့်ရမယ်ဆိုတာ ဒါကြီးကိုလုပ်ပြီးဆိုရင်တော့ လူနာကို ဘယ်လိုကြည့်ကြမလဲပေါ့။ ခုလက်ရှိကတော့ ကျွန်တော်တို့ဆေးရုံက လုပ်နေပြီလို့ သတင်းကြားတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ဆေးရုံမရောက်သေးဘူးဆိုတော့ သေချာတော့ ပြောလို့မရသေးဘူး။ လုပ်မယ်ဆိုရင်တော့ ကျွန်တော်ကတော့ ပါမယ်လို့ ဆုံးဖြတ်ထားတယ်ပေါ့နော်” ဟု မွန်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် လက်ထောက်ဆရာဝန် တစ်ဦးက ပြောသည်။

တပ်မတော်က နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် အစိုးရခေါင်းဆောင်များကို ဖမ်းဆီပြီး အာဏာသိမ်းယူမှုကို ဆန့်ကျင့်သည့်အနေဖြင့် နိုင်ငံတဝှမ်းတွင် ဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ Civil Disobedience Movement အဖြစ် အလုပ်တာဝန်းများမှ ရပ်နားခြင်းများ ပြုလုပ်လျက်ရှိသည်။

“သိပ်ကောင်းတာပေါ့။ ကောင်းတာပေါ့ဆိုတာက ထူးခြားဖြစ်စဉ်တစ်ခုလို့ ပြောလို့ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ခေတ်အဆက်ဆက်မှာ တစ်ခါမှ ဆရာဝန်တွေဟာ ရှေ့တန်းထွက်တာမျိုးမရှိဘူးပေါ့။ ပြီးတော့ ယခုအခါမှာ ကပ်ဘေးနဲ့ သူတို့ပင်ပန်းနေတဲ့အခါမှာ သူတို့ရဲ့မကျေနပ်ချက် ပေါင်းစုံနေရာကနေ စုပြီးတော့ ထွက်လာတဲ့ဟာကတော့ အရမ်းကိုကောင်းပါတယ်” ဟု ပြင်ပဆရာဝန်တစ်ဦးက ပြောသည်။

ဆက်လက်၍ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးတွင်လည်း စစ်အာဏာသိမ်းမှုအောက်တွင် အလုပ်မလုပ်နိုင်တာကြောင့် Civil Disobedience Campaign ကို ပြုလုပ်သွားမည်ဟု သိရသည်။

Civil Disobedience လှုပ်ရှားမှုကို မန္တလေး ကုတင် ၃၀၀ ကလေးဆေးရုံ၊ မန္တလေးအထွေထွေရောဂါကုဆေးရုံ၊ မန္တလေး ကုတင် ၃၀၀ ဆံ့ သင်ကြားရေးဆေးရုံ၊ မန္တလေး ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံ တို့က ဖေဖေါ်ဝါရီ ၂ ရက်တွင် စတင်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...