ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် ကချင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များအသင်း၏ ဥက္ကဌဖြစ်သူ ဦးခက်ထိန်နန်ကို ခန့်အပ်လိုက်ကြောင်း သိရသည်။
တပ်မတော်က အာဏာသိမ်းပြီးနောက် တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များနေရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းခြင်းကို ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသူ ဦးခက်ထိန်နန်သည် ယခင်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဆွေမျိုးတော်စပ်သူဖြစ်သည်။
ဦးခက်ထိန်နန်သည် လက်ရှိတွင် ကချင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များအသင်း၏ ဥက္ကဌအဖြစ်ဆောင်ရွက်နေပြီး ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ပါတီဖြင့် မဟာမိတ်ဖွဲ့ခဲ့သော ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (UDPKS) ၏ ဥက္ကဋ္ဌဟောင်းလည်းဖြစ်ကာ ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။
UDPKS ပါတီသည် ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရာတွင် ပါဝင်ခဲ့သောကြောင့် ၂၀၁၉ ခုနှစ်တွင် ပါတီဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး ဦးခက်ထိန်နန်သည် ပါတီပေါင်းစည်းပြီးနောက် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP တွင် ဒု-ဥက္ကဋ္ဌ – ၁ အဖြစ် ကာလတစ်ခုကြာ တာဝန်ယူခဲ့ပြီးနောက် ၂၀၂၀ နှစ်ဆန်းပိုင်းတွင် နုတ်ထွက်သွားခဲ့သည်။
လက်ရှိ တာဝန်ခန့်အပ်ခံထားရခြင်းနှင့်ပတ်သက်၍ ဦးခက်ထိန်နန်၏ သဘောအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍မရသေးပေ။