၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကိုအကြောင်းပြ၍ မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချေကြာင်း ချင်းလူငယ်များအဖွဲ့များက ကြေညာချက်ထုတ်ပြန်လိုက်သည်။
ဖေဖော်ဝါရီ ၂ ရက် နေ့စွဲဖြင့်ထုတ်ပြန်သော ချင်းလူငယ်များကွန်ယက်၏ ထုတ်ပြန်ကြေညာချက်တွင် “နိုင်ငံတော်၏အာဏာကို လက်နက်ဖြင့်အတင်းအဓမ္မခြိမ်းခြောက်သိမ်းယူခြင်းကို လုံးဝ (လုံးဝ) လက်မခံဘဲ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး ယခုလုပ်ရပ်ကြောင့် တည်ဆောက်နေဆဲ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီထောက်တိုင်များအား ထိခိုက်ပျက်စီးစေသည့်အတွက် အာဏာသိမ်းမြန်မာ့စစ်ခေါင်းဆောင်များ ဦးဆောင်သော စစ်အာဏာရှင်အစိုးရကို လုံးဝအသိအမှတ်မပြု" ဟု ဖော်ပြထားသည်။
ထို့ပြင် တပ်မတော်ကဖမ်းဆီးထားသည့် လူပုဂ္ဂိုလ်များအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် နိုင်ငံရေးပြသနာများကို နိုင်ငံရေးဆွေးနွေးမှုများပြုလုပ်ကာ အမြန်ဆုံးအဖြေရှာနိုင်ရန် တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်မနိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံးပြုလုပ်ကြရန် အလေးအနက်တောင်းဆိုသည်ဟု ဖော်ပြထားသည်။
အလားတူ ချင်းပြည်နယ် လူငယ်ရေးရာကော်မတီကလည်း ဖေဖော်ဝါရီ ၁ ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ဆန္ဒကို အလေးအနက်ထားရန်၊ ရွေးကောက်ပွဲလဒ်ကို လေးစားလိုက်နာရန်နှင့် ဒီမိုကရေစီစံသတ်မှတ်ချက်တွေကို စောင့်ထိန်းလိုက်နာရန်တောင်းဆိုထားသည်။
ဆက်လက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင်၊ သမ္မတ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဌများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို တရားမဲ့ ဖမ်းဆီးထိန်းသိမ်းထားသည့်အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း ၎င်းတို့၏ကြေညာချက်တွင် ဖော်ပြထားသည်။
၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုပြုနိုင်သောမဲစာရင်းပေါင်း ၁၀ သန်းကျော်ရှိသည်ဟု တပ်မတော်၏ တွေ့ရှိချက်နှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ခြင်းမပြုသည့်အပြင် ပြည်သူ့လွှတ်တော်နှင့် အမျိူးသားလွှတ်တော်ကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုကိုလည်း ရွှေ့ဆိုင်းပေးခြင်းမရှိဘဲ လွှတ်တော်ခေါ်ယူသည့်အတွက်ဟုဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာပြီး ဖေဖော်ဝါရီ ၁ ရက်က တပ်မတော်က အာဏာသိမ်းယူလိုက်ခြင်းဖြစ်သည်။