နောက်တက်လာမည့် လွှတ်တော်ကိုယ်စားလှယ်များ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယား-၂ ကို ဥပဒေပြုနိုင်ရန် ကြိုးစားစေချင်နေကြာင်း လက်ရှိ ကယားပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးကပြောသည်။
“ဇယား-၂ မှာအများကြီးလုပ်ပေးရအုံးမှာ။ လာမယ့် လွှတ်တော်ကိုယ်စားလှယ်တွေက ဇယား-၂နဲ့ပတ် သက်ပြီးတော့မှ ဥပဒေပြုဖို့အတွက်ကို ကြိုးစားစေချင်တယ်။ ကိုယ်စားလှယ်တွေအနေနဲ့လည်းပဲ အခုဆိုရင် စာရင်းစစ်ချုပ်အစီရင်ခံစာဖတ်သွားပြီပေါ့။ ဒါကိုလည်းပဲ ဆက်ပြီးလုပ်သွားစေချင်တယ်” ဟု ဦးလှထွေးက ပြော သည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် ဇယား ၂ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပ ဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ဝန်းလုံးအတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်စိတ်တစ်ဒေသအ တွက်သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိကြောင်း ဖော်ပြထားသည်။
ဇယား ၂ တွင် ဘဏ္ဍာရေးနှင့်စီမံကိန်းကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စီမံခန့်ခွဲရေးကဏ္ဍ တို့ ပါဝင်သည်။
လွှတ်တော်နောက်ဆုံးရက်တွင် ကယားပြည်နယ်၏ ၂၀၁၉-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေ အရ၊ အသုံး စာရင်းစစ်ဆေးတွေ့ရှိချက် အကျဉ်းချုပ်အစီရင်ခံစာတွင် ပြည်နယ်အစိုးရအဖွဲ့၏ သာမန်အသုံးစရိတ်ငွေစာ ရင်းခေါင်းစဉ်မှားယွင်းခြင်း၊ သတ်မှတ်ချက်နှင့်အညီ သုံးစွဲမှုမရှိခြင်း၊ ငွေလုံးငွေရင်းလုပ်ငန်းဖြင့် စည်ပင် နယ်နမိတ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ၅%စည်ပင်သာယာခွန်ပေးသွင်းရန်လိုအပ်ခြင်း၊ လမ်း တံတားလုပ်ငန်းများအတွက် အဆိုပြု ဘတ်ဂျက်တင်ပြတောင်းခံမှုမပြုမီ လုပ်ငန်းနှင့် အတိုင်းအတာများ မှန်ကန်မှုရှိ မရှိ ကွင်းဆင်းစစ်ဆေးရန်၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ခြင်း စသည်ဖြင့် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြည်နယ်စာရင်းစစ်ချုပ်က ဖတ်ကြားသွားသည်။
“နိုင်ငံတော်ဘဏ္ဍာငွေတွေကို ငါးရာခိုင်နှုန်းမသွင်းတဲ့ကိစ္စတွေက သက်ဆိုင်ရာဌာနဲ့အဓိက ဆိုင်တယ်လေ။ တင်ဒါ ကို ပေးတာလည်းပဲ သူတို့ပဲလေ။ တစ်ချို့ဟာ ကျွန်တော်တို့ လွှတ်တော်ကလိုက် စစ်မှပေါ် တဲ့ ကိစ္စေတွက မဖြစ်သင့်တော့ပါဘူး။ အခု တင်ဒါပေးတဲ့လုပ်ငန်းနဲ့ လမ်းလုပ်ငန်းဆိုရင်လည်း ကျွန်တော်တို့စစ်မှ ပေါ်တဲ့ကိစ္စက မဖြစ်သင့်ဘူးပေါ့။ မူလရဲ့နံပါတ်တစ်ဖြစ်တဲ့ ဌာနရဲ့တာဝန်ပေါ့။ သူတို့က တင်ဒါရဖို့အတွက်ကို တင်လိုက်တယ် တင်ဒါတွေခွဲပေးလိုက်တယ် အဲဒါပြီး ပြီးသွားတယ်ပေါ့။တော်တော်များများပေါ့ စော်ကားတာတော့မဟုတ်ဘူး “ ဟု ဦးလှထွေးက သုံးသပ်ပြောဆိုသည်။
နောက်တက်လာမည့်ကိုယ်စားလှယ်များအနေဖြင့် ကျသည့်နေရာမှ ပြည်သူများကို ဦးတည်ပြီးဆောင်ရွက် သွားရန်၊ ဥပဒေအကြောင်း သိရှိနားလည်ရန် လေ့လာထားသင့်ကြောင်း၊ ကိုယ်စားလှယ်ဖြစ်သည့်အတွက် ကော်မတီရေးရာအဖွဲ့နှင့် ဝန်ထမ်းများကို အားကိုးသင့်ကြောင်း၊ ပြည်နယ်အတွင်း အရပ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှုရှိသင့်ကြောင်း၊ အစိုးရအဖွဲ့ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းပြောဆို ထားသည်။
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်အစည်းအဝေး နောက်ဆုံးရက်အဖြစ် ဇန်နဝါရီလ ၂၇ ရက်တွင် ပြုလုပ်ခဲ့ပြီး ယင်းရက်၌ပင် လွှတ်တော်သက်တမ်းကုန်ဆုံးသွားခဲ့ဖြစ်ပြီး တတိယအကြိမ် ကယားပြည်နယ်လွှတ်တော်သစ်ကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင် စတင်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။