အစိုးရအနေဖြင့် ပြီးခဲ့သည့် အစိုးသက်တမ်းငါးနှစ်အတွင်း ကချင်ပြည်နယ်ရှိ မြေယာပြသာနာများအား ထိရောက်စွာ ဖြေရှင်းနိုင်ခြင်းမရှိခဲ့ကြောင်း ဖက်ဒရယ်တိုင်းရင်းသား လယ်သမားများကွန်ယက်အဖွဲ့မှ တာဝန်ခံ ဦးနောင်လတ်ကပြောသည်။
ကချင်ပြည်နယ်အတွင်း မြို့နယ်၁၈ခုရှိသည့်အနက် ဖားကန့်မြို့နယ် ဟူးကောင်းချိုင့်ဝှမ်းဒေနှင့် မြစ်ကြီးနားမြို့ နယ်၊မြစ်ဆုံဒေသများတွင် မြေယာပြသာနာများ ရင်ဆိုင်နေကြသည်မှာ ဆယ်စုနှစ်တစ်စုရှိလာပြီဖြစ်သော်လည်း လက်ရှိချိန်ထိ တာဝန်ယူဖြေရှင်းနိုင်ခြင်းမရှိဟု ဆိုသည်။
“ဟူးကောင်းနဲ့မြစ်ဆုံက အဆိုးဆုံးဖြစ်နေတယ် ၂၀၀၇ ခုနှစ်ကတည်းကနေ ဒီနေ့ထိဆို ၁၄ နှစ်လောက်တောင်ရှိနေပြီ အစကတည်းက ပဌိပက္ခဖြစ်တာ အစိုးရသိတယ်။ လူထုတောင်းဆိုမူတွေလည်းသိတယ် ပြသာနာဖြစ်တယ်ဆိုတာလည်းသိတယ် ဒါပေမယ့် ဒီနေ့ထိ ဖြေရှင်းမပေးနိုင်ဘူး။အဲကြောင့်မို့ လူ့အခွင့်အရေးအနေနဲ့ကြည့်မလား၊ တိုင်းရင်းသားအခွင့်အရေးကြည့်မလား၊ တောင်သူအခွင့်ရေး အပြည့်အဝမခံစားရဘူး။ ဘာဖြစ်လို့လဲဆိုရင် ပိုင်ဆိုင်မူမဲ့ဖြစ်နေတယ်။ ဂရမ်တွေမရဘူး၊ ပုံစံ (၇)တွေမရဘူး။ တစ်ဖက်ကကြည့်မယ်ဆိုရင် အကျဉ်းကျနေသလိုဖြစ်နေတယ်။ ကျွန်တော်တို့မြို့နယ်တွေကို တင်ပြထားလည်း ဘာမှပြောင်းလဲလာတာမရှိဘူး” ဟု တာဝန်ခံ ဦးနောင်လတ်ကပြောသည်။
အစိုးရက ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ စတုရန်းမိုင် ၂၈၉၇ဝ ကို ၂၀၁၁ ခုနှစ်မှစကာ ကျားထိန်းသိမ်းရေးဘေးမဲ့ဇုံအဖြစ် သတ်မှတ်ပေးလိုက်ကာ ၂၀၁၆ ခုနှစ်တွင် ယုဇနကုမ္ပဏီအား စိုက်ပျိုးဖွံ့ဖြိုးရေးဇုံလုပ်ကိုင်ခွင့် ပြုပေးလိုက်သည့်အတွက် ဒေသခံများလုပ်ကိုင်စားသောက်ရန် အခက်ခဲများစွာရှိခဲ့ကြောင်းလည်း သိရသည်။
ဟူးကောင်းချိုင့်ဝှမ်းဒေသအပြင် ကချင်ပြည်နယ်တွင်း မြေယာပြသာနာများရင်ဆိုင်နေရသည့် မြို့နယ်များစွာလည်းရှိနေပြီး မြေသိမ်းမှုပြဿနာ၊ ယာပြဿနာများစွာဖြစ်ပေါ်နေခြင်းသည် လက်ရှိပြင်ဆင်ရေးဆွဲနေသော မြေယာဥပဒေက ဗဟိုချုပ်ကိုင်မှုစနစ်ဖြစ်နေခြင်းကြောင့် မြေပြင်အခြေအနေနဲ့ ကွဲလွဲမှုများစွာဖြစ်ကာ ပြဿနာဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း ဦးအောင်လတ်က သုံးသပ်သည်။
ထို့ကြောင့် ရွေးကောက်ခံအစိုးရအနေဖြင့် ရွေးကောက်ခံထားရသော အစိုးရသစ်အနေနှင့် အမျိုးသားမြေယာဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်များအား ရပ်ဆိုင်းထားရန်အတွက် ဖက်ဒရယ်တိုင်းရင်းသား လယ်သမားကွန်ယက်နှင့် တိုင်းရင်းသားလူမျိုးများ လူထုဖွံ့ဖြိုးရေးဆုံရပ် (မြန်မာနိုင်ငံ) က ဇန်နဝါရီ ၂၇ ရက်တွင် တိုက်တွန်းပြောဆိုလိုက်သည်။
“အဓိကအကြောင်းရင်းကတော့ ကျွန်တော်တို့တည်ဆောက်နေတဲ့ ဖက်ဒရယ်စနစ်နဲ့ကွဲလွဲပြီး ဗဟိုစီမံခန့်ခွဲမူကို ပိုမိုတွန်းအားပေးနေတဲ့ လယ်ယာမြေ၊အမျိုးသားမြေအသုံးချမူဥပဒေဖြစ်နေတဲ့အတွက် ကျွန်တော်တို့ဒါကိုကန့်ကွက်ရ ခြင်းဖြစ်တယ်။ ကျနော်တို့ရည်ရွယ်ချက်က မြေပြင်အခြေနေနဲ့ကိုက်ညီတဲ့ ဖက်ဒရယ်မူဝါဒနဲ့ကိုက်ညီတဲ့စနစ်၊ ကျင့်ထုံး၊ ဥပဒေပေါ်ပေါက်ဖို့ ပိုမိုတွန်းအားပေးစေချင်တဲ့အတွက်ကြောင့် ဥပဒေပြန်လည်ပြင်ဆင်မယ့်လုပ်ငန်းစဉ်ကို ကန့်ကွက်ရခြင်းဖြစ်တယ” ဟု လက်ရှိပြင် ဆင်ပြဌာန်းထားသော မြေလွတ်၊မြေလပ်၊မြေရိုင်း စီမံခန့်ခွဲရေးဥပဒေနဲ့ပတ်သက်၍ မြေပြင်တွေ့ရှိချက်များကို ပြန်လည်ဆွေးနွေးသည့်ပွဲအား ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်း ကျင်းပခဲ့ရာ Metta Development Foundation အရပ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ထောက်ပြခဲ့သည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအား အသုံးပြုကာ ဌာနဆိုင်ရာများမှ တောင်သူများပိုင်ဆိုင်ထားသော မြေယာများအား လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပေးခြင်း၊ တောင်သူများနှင့်လုပ်ငန်းရှင်များအကြား မြေယာပြသနာများ ပိုမိုများပြားလာခြင်း၊ အပြစ်ပေး အရေးယူမူများစွာရှိလာခြင်းများ၊ တောင်သူများ၏ ဓလေ့ထုံးတမ်းအရ ပိုင်ဆိုင်သောမြေယာများသည် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပေဒအရ ကင်းလွတ်ခွင့်ရမနေခြင်း အစရှိသည့် ပြသာနာများစွာပေါ်ပေါက်နေကြောင်း ၎င်းက ထောက်ပြပြောဆိုထားသည်။
ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် လက်ရှိချိန်ထိ စိုက်ပျိုးမြေ ၉၀၁၀၆၉ ဧက၊ မြေရိုင်း ၅၆၄၇၅၀၄ ဧက၊ တောရိုင်း ၅၆၉၁၀၆၁ ဧက၊ကြိုးဝိုင်းကြိုးပြင်ကာကွယ်ရေးတောမြေ ၇၄၆၂၉၂၇ ဧက၊ စိုက်ပျိုးခြင်းမပြုနိုင်သောမြေ ၁၉၆၁၀၅၇ ဧက၊ မြို့မြေရွာမြေ ၆၈၉၄၀ ဧကရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။
ရာခိုင်နူန်းအားဖြင့် တစ်ပြည်နယ်လုံးတွင် မြေလွတ်မြေရိုင်း မြေဧက ၅၂.၇၆ ရာခိုင်နူန်းအများဆုံးဖြစ်ပြီး မြို့မြေရွာသည် ရာခိုင်နူန်းအားဖြင့် ၀.၃၀ ရာခိုင်နူန်းသာရှိသည်။
မြေဧကပေါင်း ၂၂၀၂၆၆၄ ဧကရှိပြီး လက်ရှိခွင့်ပြုပေးခြင်းမရှိသေးသည့် မြေလွတ်မြေရိုင်းဧကပေါင်း ၁၁၆၀၈၆၆၅ ဧကရှိကြောင်း သိရသည်။
မြေလွတ်၊မြေလပ် မြေရိုင်းဥပဒေစီမံခန့်ခွဲရေးဥပဒေအား ၂၀၁၂ ခုနှစ်တွင် စတင်ပြဌာန်းခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ခဲ့ပြီးနောက် ၂၀၁၈ စက်တင်ဘာလ ၁၁ ရက်နေ့ ထပ်မံပြန်လည်ပြင်ဆင်ခဲ့ကာ အဆိုပါ ၂၀၁၈ ခုနှစ် ပြန်လည်ပြင်ဆင်ပြဌာန်းသော ဥပဒေသည် ဒေသခံများ၏ မူလမြေပိုင်ဆိုင်မူအား ခြိမ်းခြောက်စေကြောင်း ကန့်ကွက်မှုလည်းများစွာရှိခဲ့သည်။