ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းကိစ္စများကို ညှိနှိုင်းဖြေရှင်းရန် မည်သည့်ဥပဒေကမျှ အာဏာအပ်နှင်းထားခြင်းမရှိဟု UEC ထုတ်ပြန်

ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းကိစ္စများကို ညှိနှိုင်းဖြေရှင်းရန် မည်သည့်ဥပဒေကမျှ အာဏာအပ်နှင်းထားခြင်းမရှိဟု UEC ထုတ်ပြန်
by -
ကောင်းကျော်နိုင်

ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းကိစ္စများကို ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော်အစိုးရတို့နှင့် နည်းလမ်းရှာ၍ ညှိနှိုင်းဖြေရှင်းရန် မည်သည့်ဥပဒေကမျှ အာဏာအပ်နှင်းထားခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကေက်ပွဲလုပ်ငန်းကိစ္စများနှင့်စပ်လျဉ်း၍ လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိသော အဖွဲ့အစည်းဖြစ်ပြီး ဖွဲ့စည်းပုံဥပဒပုဒ်မ ၄၀၂ အရလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒပုဒ်မ ၁၁ အရလည်းကောင်း လုပ်ပိုင်ခွင့်အာဏာလွှဲအပ်ခြင်းခံရသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်၍ ပြည်ထောင်စုလွှတ်တော်၊အစိုးရတို့နှင့် စုပေါင်းအဖြေရှာရန် မည်သည့်ဥပဒေကမှ အာဏာအပ်နှင်းထားခြင်း မရှိကြောင်းနှင့် နိုင်ငံတော်အခြေခံမူအရ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒသဘောထားကို ညှိနှိုင်းဖြေရှင်းပြီး အတိုးအလျော့ အပေးအယူဖြင့် မည့်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကမျှ ဥပဒေကျော်လွန်ကာ တစ်မျိုးတစ်ဖုံ ပြောင်းလဲ၍ရသည့်ကိစ္စမျိုးမဟုတ်ဘဲ ပြောင်းလဲမည်ဆိုပါက ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သကဲ့သို့ လူထုဆန္ဒကို ဆန့်ကျင်ရာရောက်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မဲစာရင်းစိစစ်တွေ့ရှိမှုများနှင့်ပတ်သက်၍ တပ်မတော်က ထုတ်ပြန်လျက်ရှိရာ မဲမသမာမှုဖြစ်နိုင်သောစာရင်း ရှစ်ဒသမခြောက်သန်းရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဇန်နဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့သော သတင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ယင်းကိစ္စကို UEC နှင့် အစိုးရတို့က ဖြေရှင်းပေးရန်လိုအပ်ကြောင်း တောင်းဆိုထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် မဲစာရင်းအချက်အလက်များ အားနည်းခြင်းသည် ယခုမှမဟုတ်ဘဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ၊ ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများကတည်းက ဖြစ်ပေါ်ခဲ့ကြောင်းတွေ့ရှိခဲ့ပြီးဖြစ်ပြီး ယခုရွေးကောက်ပွဲမှ မဲစာရင်းချို့ယွင်းချက်ကြောင့် မဲမသာမှုအခြေအနေ မဖြစ်နိုင်ကြောင်းနှင့် မဲဆန္ဒလက်မှတ်များကို အများပြည်သူရှေ့မှောက်တွင် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲဝင်များ၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူများ၊ သတင်းမီဒီယာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများရှေ့မှောက်တွင် တစ်ရွက်ခြင်းထောင်ပြရေတွက်၍ ကိုယ်စားလှယ်လောင်းတစ်ဦးခြင်းစီရရှိသည့် မဲအရေအတွက်ကို ပုံစံ ၁၆ ပြုစု၍ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးခြင်း၊ မဲရုံအပြင်တွင်ကပ်ထားခြင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများအနေဖြင့်  ပုံစံ ၁၉ ဖြင့် အများပြည်သူရှေ့တွင် စာရင်းပြုစုပြီး ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများ၊ အသိသက်သေများက လက်မှတ်ရေးထိုးကာ ရွေးကောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်ကို ကြေညာခြင်း စသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်ပြီး သဘောတူအတည်ပြုကြခြင်းဖြစ်သည်ဟု ဆိုသည်။

တပ်မတော်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန် စစ်ဆေးမှုပြုလုပ်ခြင်းကြောင့် အသက်ကြီးလွန်းသူ၊ ငယ်ရွယ်သူ၊ အသက်မပြည့်သူ၊ ကွယ်လွန်သူ၊ မဲစာရင်းထပ်နေသူ ရှိကောင်းရှိမည်ဖြစ်သော်လည်း ကိုဗစ်ကာလ တစ်နေရာမှတစ်နေရာ ခရီးသွား၍မဖြစ်နိုင်ခြင်း၊ မဲတစ်ကြိမ်ပေးပြီးပါက တစ်ပတ်ခန့်အထိ မပျောက်ပျက်နိုင်သော ဆေးရည်မင်ကို လက်သန်းတွင် အတို့ခံခြင်း၊ ဆန္ဒမဲ လက်မှတ်များ ရရှိရေးအတွက် မဲစာရင်းတွင်ပါ/မပါကို အမည်၊ အဘအမည်၊ အသက်၊ မွေးသက္ကရာဇ်နှင့် နေရပ်လိပ်စာစသဖြင့် စစ်ဆေးခံရခြင်းတို့ကြောင့် ထိုပုဂ္ဂိုလ်များ မဲပေးရန်မဖြစ်နိုင်ကြောင်း ယင်းထုတ်ပြန်ချက်ထဲတွင်ဖော်ပြခဲ့သည်။

ထို့ပြင် တပ်မတော်သားများနှင့် အတူနေမိသားစုဝင်များအတွက် သက်ဆိုင်ရာတပ်ရင်း/တပ်မှူးများထံမှ ပေးပို့လာသည့် မဲစာရင်းမျာကို စိစစ်မှုမရှိဘဲ မဲစာရင်းတွင် ထည့်သွင်းပြုစုပေးခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်ထဲတွင် ဖွင့်ဟပြောကြားထားသည်။

ကျင်းပပြီးစီးခဲ့သော ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲသို့တင်ပြသည့် ကန့်ကွက်လွှာအမှု ပေါင်း ၂၈၇ မှု၊ မဲဆန္ဒရှင်များက ၉၄ မှုနှင့် လွှတ်တော်ကိုယ်စားလှယ်များက ၁၉၃ မှုရှိပြီး ယင်းအမှုများကိုစစ်ဆေးရန် ရွေးကောက်ပွဲခုံအဖွဲ့များကို ဖွဲ့စည်းပေးထားကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...