ပြီးဆုံးသွားခဲ့ပြီဖြစ်သော ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တို့ကို ထောက်ခံသည့်သဘောဖြင့် ဆန္ဒထုတ်ဖော်ခြင်း၊ NLD အလံများလွှင့်တင်ခြင်း၊ FB ကမ်ပိန်းများပြုလုပ်ခြင်း စသည့်လှုပ်ရှားမှုများ ဇန်နဝါရီလအတွင်း ပြုလုပ်လာကြသည်။
ရွေးကောက်ပွဲကော်မရှင်ကို ထောက်ခံကြောင်း ရန်ကုန်မြို့တွင် ဇန်နဝါရီ ၂၄ ရက်က ဆန္ဒထုတ်ဖော်မှုပြုခဲ့သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးလှမြင့်က “မဲစာရင်းမှားတယ်ဆိုတာက အခုမှဖြစ်တာမဟုတ်ဘူး။ အရင်ကတည်းကလည်း ဖြစ်နေတာ။ မဲစာရင်းမှားလို့ ရွေးကောက်ပွဲရလဒ်မှားတယ်၊ မဲမသမာမှုလုပ်တယ်လို့ ပြောလို့ရတာမှ မဟုတ်တာ။ တပ်ကတောင်မှ မဲမသမာမှုဖြစ်နိုင်သောလို့ပဲသုံးနှုန်းတယ်။ ဒီတော့ ရွေးကော်ကိုရော ပြည်သူရွေးချယ်ထားတဲ့ NLD ကိုရော မဲခိုးတယ်လို့ပြောနေကြတဲ့သူတွေကို ပြောချင်တာက ပြည်သူကို ကျောခိုင်းနေတာကို ရပ်လိုက်ပါတော့ဆိုတာပဲ” ဟုပြောသည်။
ရွေးကောက်ပွဲအပြီးကာလကတည်းက ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်ကို ထောက်ခံသူများက UEC ကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုများ နိုင်ငံအနှံ့အပြားတွင် ပြုလုပ်လာကြသည့်အတွက် NLD ကိုထောက်ခံကြသူများကလည်း လူမှုကွန်ရက်စာမျက်နှာ၌ UEC နှင့် NLD ကိုထောက်ခံကြောင်း ကမ်ပိန်းပြုလုပ်ခဲ့ကြသည်။
ထို့နောက် ရွေးကောက်ပွဲမဲဆွယ်ကာလကကဲ့သို့ပင် မိမိတို့နေအိမ်များတွင် ပါတီအလံများထောင်လျက်ထောက်ခံကြောင်း၊ အစိုးရအဖွဲ့သစ်ကို ကြိုဆိုကြောင်းပြသသည့်လှုပ်ရှားမှုကို ရန်ကုန်နှင့်မန္တလေးတွင် စတင်ပြုလုပ်နေပြီဖြစ်သည်။
ရွေးကောက်ပွဲကာလက NLD ပါတီခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပါတီထောက်ခံသူများအနေဖြင့် မိမိတို့နေအိမ်များတွင် ပါတီအလံများထောင်ကာ အားပေးမှုကိုပြသကြဖို့ မေတ္တာရပ်ခံတိုက်တွန်းခဲ့ဖူးသည်။
သို့သော် ယခုထောက်ခံမှုများနှင့်ပတ်သက်ပြီး ပါတီအနေဖြင့် မည်သည့်ညွှန်ကြားချက်မှ ပေးထားခြင်းမရှ ိကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
လက်ရှိအချိန်တွင် ခွင့်ပြုမိန့်မတင်ဘဲ UEC ကိုကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်သူများကို ဖမ်းဆီးအရေးယူမှုများရှိနေသည်။
Published
Wednesday, January 27, 2021
UEC နှင့် NLD ကိုထောက်ခံကြောင်း လှုပ်ရှားမှုများပြုလုပ်လာ