အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ်အာမခံခြင်းနှင့် တပ်ပိုင်းဆိုင်ရာကိစ္စများ ညှိနှိုင်းပြေလည်ပါက လာမည့်အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ၌ လက်မှတ်ရေးထိုးဖွယ်ရှိကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“၂၀၂၁မှာ ဖြစ်လာမယ့် အစိုးရသစ်လက်ထက်မှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဠာန်းခွင့်အပေါ် အာမခံနိုင်တဲ့ နိုင်ငံရေးပြေလည်မှုတွေအပြင်၊ တပ်ပိုင်းဆိုင်ရာကိစ္စတွေ ညှိနှိုင်းပြေလည်မှုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်နိုင်တဲ့ အခင်းအကျင်းဖြစ်လာရင် KNPP အနေနဲ့ NCA မှာ ပါဝင်လက်မှတ်ထိုးဖို့ အလားအလာရှိတယ်” ဟု ၎င်းကပြောသည်။
ယခုအခါ ရဲဘော်များအသတ်ခံရမှုနှင့် မြေယာပြသနာများက NCA တွင် လက်မှတ်ထိုးရန် အဟန့်အတားဖြစ်စေသဖြင့် ဖြေရှင်းရန်လိုကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောသည်။
“KNPP ရဲဘော် သုံးဦး၊ အရပ်သားတစ်ဦး အသတ်ခံခဲ့ရတဲ့ကိစ္စနဲ့ လက်ရှိ ပြည်နယ်တွင်းဖြစ်ပွားနေတဲ့ မြေယာပြဿနာ စတဲ့တွေဟာ NCA မှာ ပါဝင်လက်မှတ်ထိုးနိုင်ဖို့ မိမိတို့အဖို့ အဟန့်အတားဖြစ်တာကြောင့် ဒီအခြေအနေတွေကို ဖြေရှင်းလုပ်ဆောင်ဖို့လိုတယ်” ဦးရွှေမျိုးသန့်က ပြောသည်။
လွိုင်ကော် ရှားတောလမ်း ပါလောင်းကျေးရွာနှင့် ဒေါတချားကျေးရွာကြားတွင်ရှိသော KNPP ၏ ၇ မိုင် ယာယီဂိတ်မှ ရဲဘော်သုံးဦးနှင့် အရပ်သားတစ်ဦးအား ဒီဇင်ဘာ၂၀ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံရမှုနှင့်ပတ်သက်၍ KNPP ဘက်က တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း စွပ်စွဲထားပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ၎င်းတို့ကို မီးသင်္ဂြိုလ်ထားသော အရိုးအိုးများကိုသာ တပ်မတော်က ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့အခြေအနေများကြောင့် (NCA) တွင် လက်မှတ်မထိုးနိုင်သော်လည်း ကယား (ကရင်နီ) ပြည်နယ်ရဲ့ တည်ငြိမ်ရေးအတွက် ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဦးရွှေမျိုးသန့်က ကတိပြုပြောကြားခဲ့သည်။
“ပြည်နယ်တည်ငြိမ်ရေးကတော့ KNPP အနေနဲ့ကတော့ တတ်နိုင်သလောက် ဒီနေ့အချိန်ထိ ထိန်းသိမ်းထားပြီးသားဖြစ်တယ်။ ဆက်လက်ပြီးတော့ ထိန်းသိမ်းသွားဖို့ အစီအစဉ်လည်းရှိတယ်။ အရင်တုန်းကဆို ကျွန်တော်တို့က အစိုးရနဲ့ လစဉ်အစည်းအဝေးရှိတယ်။ အခုကတော့ ကိုဗစ်ကာလဖြစ်လို့ မလုပ်နိုင်ဘူး။ ဒါမယ့် အရင်တုန်းကဆိုလို့ရှိရင်လည်းပဲ တပ်နဲ့လည်း ကျနော်တို့ အလျဉ်းသင့်သလို တပ်, တပ်ချင်း၊ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်ချင်း တွေ့ကြတာတွေ၊ ကျွန်တော်တို့ ဆွေးနွေးပြီးတော့ ဒီပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခ ပြန်မဖြစ်အောင် ဝိုင်းပြီးတော့ ထိန်းကြတာတော့ရှိတယ်” လို့ ၎င်းကပြောသည်။
ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးပါဝင်နိုင်ရေး အစိုးရနှင့်တပ်မတော်က များစွာလုပ်ဆောင်ရန်လိုအပ်နေကြောင်း ဦးရွှေမျိုးသန့်က ဆက်လက်ပြောသည်။
ကယားပြည်နယ်ငြိမ်းချမ်းရေးဖြစ်စဉ်လေ့လာစောင့်ကြည့်သူကိုကျော်ထင်အောင်က “တကယ်တမ်း ဒီရွေးကောက်ပွဲအပြီးမှာကတော့ တပ်မတော်ဘက်ကနေပြီးတော့မှ ငြိမ်းချမ်းရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ကို တရားဝင် တာဝန်ပေးမှုတွေရှိလာပြီးတော့ အဲ့ဒီအဖွဲ့ကနေပြီးတော့မှ KNPP ကို ဖိတ်ကြားတွေ့ဆုံမှုတွေ ရှိလာတဲ့အတွက်ကြောင့်မို့လို့ကို ဒီလက်ရှိ NCA လက်မှတ်မထိုးထားသော်ငြားလည်း ၂၀၁၂ ကနေစပြီးတော့မှ ၂၀၁၃ အထိ ရေးထိုးထားခဲ့တဲ့ နှစ်ဖက်သဘောတူညီမှုစာချုပ် ပြည်နယ်အဆင့် တစ်ကြိမ်၊ ပြည်ထောင်စုအဆင့် သုံးကြိမ်အပေါ်မှာကို နှစ်ဖက်ရဲ့ လေးစားလိုက်နာမှုကြောင့်မို့လို့ ကျွန်တော်တို့ပြည်နယ်မှာကတော့ ထိတွေ့မှုကြီးကြီးမားမားတွေမရှိပဲနဲ့ တည်ငြိမ်မှုတစ်ခုကိုတော့ ဆက်ပြီးမှ ထိန်းထားနိုင်တဲ့ အခြေအနေဖြစ်တယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) သည် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်များတွင် နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။