ရခိုင်ပြည်ငြိမ်းချမ်းရေးအတွက် တပ်မတော်၊အစိုးရနှင့် ပြည်နယ်လွှတ်တော်တို့ ပြိုင်တူလျှောက်လှမ်းနေပြီ ဖြစ်ကြောင်း ရခိုင် လွှတ်တော်ဥက္ကဋ္ဌပြော

ရခိုင်ပြည်ငြိမ်းချမ်းရေးအတွက် တပ်မတော်၊အစိုးရနှင့် ပြည်နယ်လွှတ်တော်တို့ ပြိုင်တူလျှောက်လှမ်းနေပြီ ဖြစ်ကြောင်း ရခိုင် လွှတ်တော်ဥက္ကဋ္ဌပြော
by -
မင်းထွန်း (DMG)

ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် တပ်မတော်၊ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်တို့သည် ပြိုင်တူလျှောက်လှမ်းနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

“ အထူးသဖြင့် ULA / AA ကို အကြမ်းအဖက်အဖွဲ့မှ ပယ်ဖျက်ပေးသင့်ကြောင့်အဆိုကို တပ်မတော်ဘက်က ရော၊ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကပင် ကန့်ကွက်မှုတစုံတစ်ရာမရှိခဲ့ဘူး။ဒါတွေဟာ ရခိုင်ပြည်နယ်ငြိမ်း ချမ်းရေးအတွက် တပ်မတော်၊ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်လွှတ်တော်တို့ဟာ ပြိုင်တူခြေလှမ်းလှမ်းနေကြပြီလို့ ပြောလို့ရတယ် ” ဟု ၎င်းကဆိုသည်။

ဒုတိယအကြိမ်ရခိုင်ပြည်နယ်လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (နောက်ဆုံးနေ့) နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ယင်းကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ပြည်သူများမှ ထောက်ပံ့သည့်ငွေများကို ငါးနှစ်တိတိသုံးစွဲခဲ့သည့်အထဲတွင် တစ်လလျှင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် သိန်းသုံးဆယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ငါးသိန်း၊ ဝန်ကြီးချုပ်အနေဖြင့် သိန်းဆုံးဆယ်၊ဝန်ကြီးများအနေဖြင့် သိန်းနှစ်ဆယ် အသီးသီးခံစားခဲ့ရသော်လည်း တာဝန်ကျေပွန်မှုနှင့်ပတ်သက်၍ စဉ်းစားဖို့လိုအပ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ဆိုသည်။

"မကြာမီကျွန်တော်တို့ ဒီနေရာကို စွန့်ခွာရတော့မယ်။ သို့သော်ကျွန်တော်တို့ တာဝန်ကျေခဲ့ကြပါသလား။ စဉ်းစားဖို့လိုပါတယ်။ ဘယ်သူက တာဝန်ကျေပွန်ပါတယ်လို့ လက်မထောင်ပြီး ပြောနိုင်တဲ့လူဒီအစည်း အဝေးခန်းမထဲမှာမရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ မိမိတို့ရဲ့ တာဝန်မကျေပွန်မှုကို အကြွေးဆပ်တဲ့အနေနဲ့ ချေးငွေမရတဲ့၊ ထောက်ပံ့ကြေးငွေမရတဲ့ နိုင်ငံရေးတွေမှာ နိုင်ငံရေးလုပ်ငန်းတွေမှာ ဆက်လက်ပါဝင်ကြဖို့ တိုက်တွန်း လိုပါတယ်၊ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု သူကပြောသည်။

ဒုတိယအကြိမ်ရခိုင်ပြည်နယ်လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်လွှတ်တော် ကိုယ်စားလှယ်များမှ တင်သွင်းသည့် အဆိုသုံးခုစလုံးကို ပြည်နယ်လွှတ်တော်အတည်ပြုနိုင်ခဲ့သည်။

ယင်းအဆိုသုံးခုစလုံးသည် ပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုသည့်အဆိုများဖြစ်သည့်အတွက် ကန့်ကွက်သူမရှိဘဲ စုံစုံညီညီအတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲရလဒ်အရ ရခိုင်ပြည်နယ်တွင် ပြည်နယ်လွှတ်တော်နေရာအတွက် ရခိုင်အမျိုးသားပါတီ(ANP)မှ ခုနစ်နေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးအပါအဝင် ငါးနေရာ၊ ရခိုင့်ဦးဆောင်ပါတီ(AFP) မှနှစ်နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ တစ်နေရာ စုစုပေါင်း ၁၅ နေရာအသီးသီးအနိုင်ရရှိခဲ့ကြခြင်းဖြစ်သည်။

ထို့ကြောင့် လာမည့် တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးနှင့် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် ၅ ဦးတက်ရောက်ခွင့်ရှိမည်ဖြစ်သည်။

ယင်းလွှတ်တော်ကိုယ်စားလှယ်များထဲတွင် အသက် ၆၀ ကျော်အရွယ်နှစ်ဦး၊ အသက် ၄၀ အောက် သုံးဦးနှင့် အသက် ၄၀ ကျော်နှင့် ၅၀ ကျော် လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးပါဝင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

"လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးရဲ့ ပျမ်းမျှအသက်ကို ကြည့်လိုက်ရင် ပျမ်းမျှအသက်က ၄၈ ဖြစ်တဲ့အတွက် လူလတ်ပိုင်းတွေများတဲ့ လွှတ်တော်ဖြစ်တယ်။ဒါကြောင့် လူလတ်ပိုင်းတွေများပြီး ဖြစ်ပေါ်လာမယ့် ရခိုင် ပြည်နယ်လွှတ်တော်ဟာ အခုကျနော်တို့ထက် ပိုပြီးတော့ တာဝန်ထမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရ ပါတယ်။ထမ်းဆောင်နိုင်ပါစေလို့လည်း ဆုတောင်းပါတယ်” ဟု ၎င်းကဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲအပြီး ဒုတိယအကြိမ်ရခိုင်ပြည်နယ်လွှတ်ေတာ်တွင် ANP က ၂၂ ဦး၊ NLD က ၉ ဦး၊ USDP က ၃ ဦးနှင့် တစ်သီးပုဂ္ဂလ တစ်ဦး စုစုပေါင်း ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၃၅ ဦး ဖြစ်ပြီး ရွေးကောက်ခံကိုယ်စားလှယ်၏ ၂၅ ရာခိုင်နှုန်းဖြစ်သော တပ်မတော်သားကိုယ်စားလှယ်က ၁၂ ဦး ဖြစ်သဖြင့် စုစုပေါင်း ၄၇ ဦးရှိခြင်းဖြစ်သည်။

သို့သော် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်မှ မြို့နယ်ကိုးမြို့နယ်နှင့် တခြားမြို့နယ်နှစ်ခုမှ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် နှစ်ခုတွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သဖြင့် ရွေးကောက်ခံကိုယ်စားလှယ် ၁၅ ဦးသာ တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိမည်ဖြစ်သည်။

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမအကြိမ်ပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ယင်းနေ့တွင် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များထဲမှ လွှတ် တော်ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်းများအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုခြင်းများကို ပြုလုပ်သွားမည်ဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...