တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော်အစည်းအဝေး စတင်ခေါ်ယူ

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော်အစည်းအဝေး စတင်ခေါ်ယူ
by -
စောထွန်းလင်း (KIC)

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို လာမည့် ဖေဖေါ်ဝါရီ ၉ ရက်၊ နံနက် ၁၀ နာရီတွင် ပြည်နယ်လွှတ်တော်ရုံး၌ စတင်ကျင်းပသွားရန် ဇန်နဝါရီ ၁၉ ရက်တွင် ပြည်နယ်လွှတ်တော်က သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ လွှတ်တော်အစည်းအဝေးကို ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခွင့်ရမည်ဖြစ်ကာ လွှတ်တော်ခေါ်ယူသည့်စာကို ရရှိပြီးဖြစ်သည်ဟု သံတောင်ကြီးမြို့နယ် အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စောခရစ္စတိုဖာက ပြောသည်။

“ကျွန်တော့်ဆီကို အွန်လိုင်းကပို့ပေးတယ်။ ကျွန်တော့်နေရာက ပြည်နယ်တိုင်းကိုဖြတ်ပြီးတော့မှ ဖားအံကိုသွားရမှာဆိုတော့ မသွားခင် သံတောင်ကြီးမှာပဲ ကိုဗစ်စစ်ပြီးတော့ သွားမယ်” ဟု ၎င်းကပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်လွှတ်တော်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၁ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂ နေရာ၊ ကရင်ပြည်သူ့ပါတီက ၁ နေရာ အသီးသီးအနိုင်ရခဲ့ပြီး ဗမာနှင့် ပအိုဝ့်တိုင်းရင်းသားကိုယ်စားလှယ်နေရာများကို NLD က အနိုင်ရခဲ့သလို မွန်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်နေရာကို မွန်ညီညွတ်ရေးပါတီက အသီးသီးအနိုင်ရခဲ့သည်။

ယခုလို ပြည်နယ်လွှတ်တော်နေရာအများစုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့သည့်အတွက် လာမည့် တတိယအကြိမ် ပြည်နယ်လွှတ်တော်တွင်လည်း လွှတ်တော်ဥက္ကဌနှင့် ဒု-ဥက္ကဌများကို NLD က ရွေးချယ်ခန့်အပ်နိုင်သည့် အခြေအနေရရှိမည်ဖြစ်သည်။

ဒုတိယအကြိမ် ပြည်နယ်လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၁၃ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ခြောက်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် သုံးဦးနှင့် ကရင်ပြည်သူ့ပါတီက ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း ၂၃ ဦးရှိခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...