အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် ကယန်းအမျိုးသားပါတီတို့ တွေ့ဆုံဆွေးနွေးရာတွင် ကယန်းလူမျိုးဝန်ကြီးတစ်နေရာရရှိရေးအတွက် တင်ပြဆွေးနွေးခဲ့ကြောင်း ကယန်းအမျိုးသားပါတီ ဗဟိုကော်မတီပြန်ကြားရေးနှင့် သတင်းတာဝန်ခံ ခွန်းမျိုးဦးက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် ကယန်းအမျိုးသားပါတီတို့သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြည်နယ်ရုံးတွင် ဇန်နဝါရီ ၁၄ ရက်က တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ကယန်းလူမျိုးဝန်ကြီးတစ်နေရာရရှိရေးအပြင် ကယန်းအမျိုးသားပါတီက အဓိကအချက် သုံးချက်ကိုတင်ပြဆွေးနွေးခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်တို့ တင်ပြတာက အဓိကကတော့ NLD နဲ့ တိုင်းရင်းသားမဟာမိတ်ကဏ္ဍကို ကျွန်တော်တို့ ပြန်တည်ဆောက်မယ်။ နောက်ပြီးရင် ဗိုလ်အောင်ကျော်လမ်း ကြေညာချက်ရယ်။ နောက်ပင်လုံ ကတိကဝတ်ပေါ့။ အဲ့ဒါ အကောင်အထည်ဖော်ပေးဖို့ ကျွန်တော်တို့ အဓိက အချက်သုံးချက်ဆွေးနွေးတယ်” ဟု ခွန်းမျိုးဦးက ပြောသည်။
၎င်းတို့ပါတီအနေဖြင့် တိုင်းရင်းသားများနှင့် မဟာမိတ်တည်ဆောက်ရေး၊ ပင်လုံကတိကဝတ်များအကောင် အထည်ဖော်ရေးနှင့် ဗိုလ်အောင်ကျော်လမ်းကြေညာချက်ကိုဖော်ဆောင်ရေးဟူသောအချက်သုံးချက်အပြင် ကယန်းတိုင်းရင်းသားများ မှတ်ပုံတင်အမည်မှန် ပြန်လည်ရရှိရေးနှင့် ဝန်ကြီးတစ်နေရာရရှိရေးတို့အတွက် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ဗိုလ်အောင်ကျော်လမ်း ကြေညာချက်ဆိုသည်မှာ တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေး၊ ဒီမိုကရေစီနှင့့် လူ့အခွင့်အရေးများ အာမခံချက်ရှိသော ပြည်ထောင်စုတည်ဆောက်ရန် တိုင်းရင်းသားအားလုံးပါဝင်သည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ် (UNLD) နှင့့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ ၁၉၉၀ ပြည်နှစ် သြဂုတ် ၂၉ ရက်တွင် သဘောတူလက်မှတ် ရေးထိုးထုတ်ပြန်ခဲ့သည့်ကြေညာချက်ဖြစ်သည်။
ကယားအမျိုးသားပါတီအနေဖြင့် NLD ပါတီနှင့်တွေ့ဆုံပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဖိတ်ကြားချက်အရ သွားရောက်ခဲ့ပြီး ကယန်းတိုင်းရင်းသားလူမျိုးရေးရာနေရာတွင် အနိုင်ရခဲ့သည့် ခွန်းတင်ဒုနှင့်တာဝန်ရှိသူများ၊ NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာအောင်မိုးညိုဦးဆောင်သည့် ကိုယ်စားလှယ်များက အပြန် အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် ရှမ်းပြည်နယ်ရှိ ဒေသခံတိုင်းရင်းသားပါတီများဖြစ်ကြသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO)၊ တအာင်း (ပလောင်) အမျိုးသားပါတီ (TNP)၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ေရးပါတီ၊ ဝအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ တို့နှင့်တွေ့ဆုံခဲ့ပြီး ရှမ်းတိုင်းရင်းများဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့်လည်း ဆက်လက်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
NLD ပါတီအနေဖြင့် မွန်ညီညွတ်ရေးပါတီနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း နေရာညှိနှိုင်းမရသည့်အတွက် ဆွေးနွေးမှုပျက်ခဲ့ရသည်။