ပြည်သူအများစု ထောက်ခံအားပေးသည့် ပါတီအနိုင်ရရှိသွားမှုအပေါ် တပ်မတော်ဘက်က အပြုသဘောဆောင်ပေးစေလိုကြောင်း မဲစာရင်းစိစစ်ရလဒ်များ ထုတ်ပြန်မှုများနှင့်ပတ်သက်၍ သံတွဲမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကမန်တိုင်းရင်းသားပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်လှိုင်ဝင်းက ပြောသည်။
“ပြည်သူအများစု ထောက်ခံအားပေးသော ပါတီအနိုင်ရရှိသွားတဲ့အပေါ် တပ်မတော်ဘက်က အပြုသဘောဆောင်ပေးစေလိုပါတယ်” ဟု သံတွဲမြို့နယ်၊ အမှတ် (၁) ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်လှိုင်ဝင်းက ပြောသည်။
သို့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူတစ်ဦးချင်းစီကထည့်သည့်မဲများ မသမာမှုမဖြစ်ဟု ၎င်းတို့အနေဖြင့် မယူဆကြောင်းနှင့် ယနေ့ မြန်မာ့နိုင်ငံရေးတွင် ရွေးကောက်ပွဲတိုင်း မဲသမာမှု ရှိကောင်းရှိနိုင်သည်ဟု ဆိုသည်။
“ကျွန်တော်တို့ပါတီကတော့ဗျာ ပါတီကလည်းသေးပါတယ်။ သို့သော်လည်း ကျွန်တော်တို့ကတော့ ဘာပဲဖြစ်ဖြစ်လေ။ ဒါကတော့ ဘယ်လိုခေါ်မလဲဆိုတော့ လက်ရှိမြန်မာ့နိုင်ငံရေးအပေါ်မှာ တပ်မတော်ဘက်ကပြောတာတော့ ဒီမိုကရေစီ မယိမ်းယိုင်နိုင်အောင်လို့ပြောတယ်။ သို့သော် ကျွန်တော်တို့အမြင်အရပြောရင်တော့ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ပြည်သူတစ်ဦးချင်းစီက ထည့်လိုက်တဲ့မဲသည် ဒီကနေ့ မြန်မာ့နိုင်ငံရေးမှာ မသမာမှုဖြစ်ဘူး။ မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့မယူဆဘူး။ ရွေးကောက်ပွဲတိုင်းမှာတော့ ရှိကောင်းရှိမှာဘဲ” ဟု ဦးတင်လှိုင်ဝင်းက ပြောသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် မဲစာရင်း စိစစ်ရလဒ်များကို ထုတ်ပြန်နေသည်မှာ ဇန်နဝါရီ ၁၃ ရက်အထိ ၁၇ ကြိမ်ရှိပြီဖြစ်ပြီး မြို့နယ်ပေါင်း ၂၂၈ မြို့နယ်မှ မဲသမာပြုနိုင်သောစာရင်း ၄၉,၉၉,၇၉၉ ခု တွေ့ရှိထားကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
“ကျွန်တော်တို့ကတော့ နဂိုအတည်းက သံသယရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲရလဒ်က ည ၁၂ နာရီ ၁ နာရီအထိ ကျွန်တော်တို့နိုင်နေတုန်းပဲ နောက်ပိုင်းတော့ သူတို့နိုင်သွားတယ်ပေါ့နော်။ နိုင်သွားပေမဲ့လည်း ကျွန်တော်စိတ်ထဲမှာ အခုချိန်ထိလည်း သံသယရှိနေဆဲဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြို့နယ်ကော်မတီနဲ့ညှိနှိုင်းမယ်။ ဗဟိုကော်မတီကိုတင်ပြမယ်။ ကျွန်တော်တို့ကို တခုခုဆုံးဖြတ်ပေးဖို့တင်ပြဖို့ စီစဉ်ထားပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် မဲစာရင်းတွေကို စစ်ချင်ပါတယ်” ဟု သံတွဲမြို့နယ်၊ ရခိုင်အမျိုးသားပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ဇော်က ပြောသည်။
အဆိုပါမဲရလဒ်အပေါ် မယုံကြည့်သည့်အတွက် ရွေးကောက်ပွဲပြီးစအချိန်တွင်လည်း မဲမသမာမှုရှိနိုင်သည့် သံသယ ဖြစ်မှုကြောင့် ဖော်ထုတ်နိုင်ဖို့ ကြိုးစားခဲ့ဖူးကြောင်း ၎င်းက ဆက်လက်ပြောသည်။
တပ်မတော်အနေဖြင့် တပ်မတော်သားများမဲပေးခဲ့သည့် မြို့နယ်များနှင့်စပ်လျဉ်း၍ မဲစာရင်းစိစစ်မှုများကို ပြုလုပ်ခြင်းဖြစ်ပြီး သာမန်အားဖြင့် မသိနိုင်သည့် ထပ်နေသော်မဲစာရင်းများနှင့် အထောက်အထားနှင့် တိုက်ဆိုင်စစ်ဆေးရန်လိုအပ်သော မဲရင်းများဖြစ်သည်ဟု ဆိုသည်။