ပင်လုံစာချုပ်ပါ ကတိကဝတ်များအရ ဒီမိုကရေစီ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်သည့် ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲပြဌာန်းရေးတို့ကို အမြန်ဆုံးအကောင်အထည်ဖော်ပေးရန် အစိုးရကို ကချင်ပြည်နယ်ရှိ လူငယ်အဖွဲ့များက အလေးအနက်တိုက်တွန်းတောင်းဆိုလိုက်သည်။
ဇန်နဝါရီ ၁၀ ရက်တွင်ကျရောက်သည့် ကချင်ပြည်နယ်နေ့တွင် ကချင်ပြည်နယ်အတွင်းရှိ ကချင်လူငယ်အဖွဲ့ ခြောက်ဖွဲ့က ထုတ်ပြန်သည့် သဘောထားထုတ်ပြန်ချက်ထဲတွင် အဆိုပါအချက်ကို ထည့်သွင်းတောင်းဆိုထားခြင်းဖြစ်သည်။
ကချင်လူငယ် ခြောက်ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည့် NDEN Debate Society အဖွဲ့မှ working team member ကိုဖန်းဂျာဘရန်က “ကျနော်တို့ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုး ခဲ့တဲ့အချိန် တန်းတူရေး၊ ကိုယ်ပိုင်ပြ ဌာန်းခွင့်ပေါ့ ဒီမိုကရေစီနဲ့ ဒါကို ကျနော်တို့ အခုထက်ထိ အပြည့်အ၀ အကောင်အထည် မဖော်နိုင်သေး လို့ပေါ့။ ကျနော်တို့က အခုက ကျနော်တို့က ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံနေတဲ့ ပြည်ထောင်စုကို သွားနေတဲ့အတွက် ကျနော်တို့အတွက် ပြည်နယ် ဖွဲ့စည်းပုံက ကျနော်တို့အတွက် အဓိကအရေးကြီးတဲ့ ဟာပေါ့” ဟုပြောသည်။
ပင်လုံကတိကဝတ်ကို အကောင်အထည် မဖော်ခဲ့သည့်အတွက် လွတ်လပ်ရေးနှင့်တကွ ပေါက်ဖွား လာ သော နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်ကြီးနှင့် စစ်အာဏာရှင် စနစ်တို့ကြောင့် ယနေ့တိုင် ကချင်ပြည် နယ်သူ/သား များသာမက နိုင်ငံတော် တဝန်းလုံးရှိ ပြည်သူအားလုံး နိုင်ငံရေး၊ လူမှုရေး၊စီးပွား ရေး၊ ပညာ ရေးနှင့် ကျန်းမာရေး စသည့် အခန်းကဏ္ဍ အသီးသီးတွင် ပြဿနာ မျိုးစုံဖြင့် ရင်ဆိုင်ခံစား လျက်ရှိ သည် ဟု လူငယ်များက ဆိုသည်။
ထို့ကြောင့် ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲပြဌာန်းနိုင်မှသာ နှစ်ပေါင်း ၇၀ ကျော်ဖြစ်ပွားနေသည့် ပြည်တွင်းစစ် ပြ ဿနာကို ဖြေရှင်းနိုင်မည်ဟု ခံစားရသည့်အတွက် ထုတ်ပြန်ချက်ထဲတွင် ထို့သို့ ထည့်သွင်း တောင်းဆို ရခြင်း ဖြစ်သည်ဟု ပြောသည်။
“ဒီအာဏာ ခွဲဝေတဲ့ နေရာမှာ ကျွန်တော်တို့ ကောင်းကောင်းလေး ပြည်နယ်နှင့် တိုင်းဒေသကြီး ဗဟိုပေါ့။ ဒီလိုမျိုး သီးသန့် သီးသီးခြားခြား နှင့် ဒီလိုမျိုးအာဏာကို ထားရှိစေချင်တယ်။ ပြီးတော့ ဒီ ပြည်နယ်ဖွဲ့ စည်းပုံလိုချင် တာက ကျွန်တော်တို့ရဲ့ ပြည်ကို ကျွန်တော်တို့ ကိုယ်တိုင် စီမံခန့်ခွဲမယ်ပေါ့ ဆိုတော့ ကျွန်တော် တို့ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုကို အခြေခံသွားတဲ့နေရာမှာ ဒါက မရှိမဖြစ် အရေးကြီးတဲ့အရာပေါ့။ နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့ ဒီပြဿနာ ဖြေရှင်းဖို့ရန်အတွက် အဓိက တစ်ခုဖြစ်တယ်ဆိုပြီးမှ ခံစားပြီးမှ ကျွန်တော်တို့ ထည့်သွင်းပြီးမှ တောင်း ဆိုထားတဲ့ဟာပေါ့” ဟု ကိုဖန်းဂျာဘရန်က ပြောသည်။
ကချင်ပြည်နယ်တွင် ပြည်နယ် ဖွဲ့စည်းပုံ ရေးဆွဲပြဌာန်းရေးတို့ကို အမြန်ဆုံး အကောင်အထည်ဖော်ပေး ရန် နှင့် ပညာရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍအသီးသီးတွင် လူငယ်များကို ကန့်သတ်ချုပ်ချယ်မှု မရှိစေ ဘဲ နေရာပေးလုပ်ဆောင်စေခြင်း၊ စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် ဆွေးနွေးပူးပေါင်း ပါဝင်စေခြင်းအပြင် ဆုံး ဖြတ်ချက် ချမှတ်ရာနေရာများတွင်လည်း အခွင့်အရေးနှင့် အခွင့်အလမ်းများကို ပို၍ ထိရောက်စွာ ဖန်တီး လုပ်ဆောင်ပေးရန် တိုက်တွန်းထားသည့် အချက်များအပါအဝင် အစရှိသည့်အချက် ကိုးချက်ကို ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ထို ကချင်လူငယ်အဖွဲ့ခြောက်ဖွဲ့မှာ ကချင်ပြည်နယ် လူငယ်ရေးရာကော်မတီ (KSYC)၊ ကချင်အမျိုးသားလူငယ်များအဖွဲ့ကွန်ရက် ( KNYN) ၊ All Kachin Youth Union ၊ Ram Hkye (Youth Rescue)၊ တက္ကသိုလ်များ ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ချုပ် ( JLH-Federation)၊ NDEN Debate Society တို့ဖြစ်သည်။
သက်ဆိုင်ရာ အဖွဲ့အစည်းများက ကချင်ပြည်နယ်တွင် ပြည်နယ် ဖွဲ့စည်းပုံ ရေးဆွဲပြဌာန်းပေးရန်သာမက လာမည့် အစိုးရသစ် အနေဖြင့်လည်း လူငယ်များ၏ အသံကို နားထောင်ရန်နှင့် အဖက်ဖက်မှ ကူညီဆောင်ရွက် ပေးရန် ကချင်လူငယ်များက တောင်းဆိုသည်။
“ကချင်ပြည်နယ်ရဲ့ အဓိက လူငယ်အ ဖွဲ့အစည်း အနေနဲ့ဒီလာမယ့် သက်တမ်းမှာရောကျွန်တော်တို့ လူငယ်တွေပေါ့။ ဒီလိုကန့် သတ်ချုပ် ချယ်မှုတွေ မရှိပဲနဲ့ အခွင့်အ လမ်းတွေ အခွင့်အရေးတွေပေါ့ ။ အလုပ်အကိုင်တွေ ပိုပြီးမှ ဖော်ဆောင် ပေးဖို့ ပြီးတော့ ကချင် ပြည်နယ်မှာ ဆိုရင် ဒီလို Youth Center မရှိဘူးပေါ့။ Youth Center အကြီး ကြီးပေါ့။ တို့ အခမ်း အနား တွေ လုပ်ဖို့၊ ဒါတွေလည်း လိုချင်ပါတယ်လို့ ပြီး တော့လည်း လုပ် ဆောင်သွားမယ့် လုပ်ငန်း အခန်း ကဏ္ဍအသီးသီးမှာပေါ့။ နောက်ပြီး လူငယ်တွေကို မမေ့ ပဲနဲ့ပေါ့။ အတူတကွ လက်တွဲခေါ် ပေးပါ။ အတူတကွ လူငယ်တွေရဲ့ အသံကို နားထောင်ပေးပါ။ လူငယ် တွေရဲ့ အနာဂတ် ကောင်း မွန် စေဖို့အတွက်ပေါ့ ပိုပြီးမှ ဖွံ့ဖြိုးတိုးတက်တဲ့ ကျွန်တော်တို့ ကချင်ပြည်နယ်ကြီး ဖြစ် လာဖို့ အတွက် တိုးတက် အောင်ပေါ့ အဖက်ဖက်ကနေ ကူညီပေးပါ။ အကြံပေးပါ စီစဉ်ပေးပါ” ဟု ကိုဖန်းဂျာဘရန်က ပြောသည်။
အဆိုပါ သဘောထား ထုတ်ပြန်ချက်ထဲတွင် ကျွန်ုပ်တို့ ခံစား နေရ သော ဤနိုင်ငံရေး ပြဿနာ ပြည်တွင်းစစ်ကြီး ချုပ်ငြိမ်းနိုင်ဖို့ရန်နှင့် စစ်မှန်သော ဖက်ဒရယ်နှင့် ဒီမိုက ရေစီစ နစ်တို့ကို အခြေခံသော ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေဖို့ရန် ပင်လုံစာချုပ်အရ ကျွန်ုပ်တို့၏ ဘိုးဘေးများ ကတိကဝတ်ပြုခဲ့သော ဒီမိုကရေစီ၊ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်သည့် ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲပြဌာန်းရေးတို့ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကို အလေးအနက်တိုက်တွန်းလိုပါသည်ဟု ပါရှိသည်။
ထို့ပြင် ယနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင့်တော်ကို ၁၉၄၇ ခုနှစ်တွင် ပင်လုံစာချုပ်အားဖြင့် တည်ထောင်ခဲ့ကြပြီး ၁၉၄၈ ခုနှစ် ဇန္နဝါရီလ ၄ ရက်တွင် ကိုလိုနီလက်အောက်မှ လွတ်လပ်ရေးကို အတူတကွရယူခဲ့ကြကြောင်း၊ လွတ်လပ်ရေးရယူပြီး ၆ ရက်အကြာ ဇန္နဝါရီ ၁၀ ရက်နေ့ကို ကချင်ပြည်နယ်နေ့အဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ကြကြောင်း၊ ဤကဲ့သို့ ကချင်ပြည်နယ်နေ့ဟူ၍ သမိုင်းကြောင်းများမရှိခဲ့လျှင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဟူ၍လည်း ဖြစ်လာမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ထို့ကြောင့် သမိုင်းကြောင်းအရ လွတ်လပ်ရေးကို အတူတကွရယူခဲ့သော ကချင်ပြည်နယ်ကြီး၏ နေ့ထူးနေ့ မြတ်ဖြစ်သော ကချင်ပြည်နယ်နေ့ကို ကချင်ပြည်နယ်အတွင်း အများပြည်သူဆိုင်ရာအားလပ်ရက် (သို့) ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန်လည်း လူငယ်များက တိုက်တွန်းထားသည်။