လူ့အခွင့်အရေးလှုပ်ရှားသူများအပေါ် တရားစွဲဆိုထားသည့်ပုဒ်မများအား ပြန်လည်ရုပ်သိမ်းပေးရန် အရပ်ဖက်အဖွဲ့အစည်း ၄၀ ကျော်တောင်းဆို

လူ့အခွင့်အရေးလှုပ်ရှားသူများအပေါ် တရားစွဲဆိုထားသည့်ပုဒ်မများအား ပြန်လည်ရုပ်သိမ်းပေးရန် အရပ်ဖက်အဖွဲ့အစည်း ၄၀ ကျော်တောင်းဆို
by -
မင်းထွန်း (DMG)

လူ့အခွင့်အရေးလှုပ်ရှားသူများအပေါ် ဖမ်းဆီးကာ တရားစွဲဆိုထားသည့်ပုဒ်မများအား ပြန်လည်ရုပ်သိမ်းပေးရန် ရွေးကောက်ပွဲအနိုင်ရထားသည့် အစိုးရအား အရပ်ဖက်အဖွဲ့အစည်း ၄၃ ဖွဲ့က ယနေ့ ဇန်နဝါရီ ၁၀ ရက်တွင် ပူးတွဲသဘောထားထုတ်ပြန်၍ တောင်းဆိုလိုက်သည်။

 

ဒီဇင်ဘာ ၁၀ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို စစ်တွေမြို့၌ ကမ်ပိန်းပြုလုပ်မှုကြောင့် ရခိုင်လူငယ်မျိုးသစ်ကွန်ရက်မှ ကိုသန်းလှ (ခ) ကိုမင်းဘာချေအပါအဝင် လူငယ်သုံးဦးကို ဖမ်းဆီးကာ ငြိမ်းချမ်းစုပုဒ်မ ၁၉ (က) ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

 

လူ့အခွင့်အရေးလှုပ်ရှားမှုကို ဒီမိုကရေစီနိုင်ငံတစ်ခုအနေနှင့် မြှင့်တင်အားပေးရမည့်အစား ရွေးကောက်ပွဲအနိုင်ရ ထားသည့်အစိုးရအနေဖြင့် ဖိနှိပ်ချုပ်ချယ်နေကြောင်း ဒို့မြေကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ကိုစည်သူက ဝေဖန် ပြောကြားခဲ့သည်။

 

“ဒါက လူ့အခွင့်အရေးချိုးဖောက်တာလို့ပဲ မြင်တယ်။ နောက်တစ်ခုက အဲဒီကိစ္စတွေမှာ တိုင်းရင်းသားအပေါ် ဖိနှပ်ချင်တာလည်းပါတယ်လို့ ကျွန်တော်တို့ အဲလိုမြင်တယ်။ လက်ရှိသွားနေတဲ့ ဖက်ဒရယ် ဖြစ်ပေါ်ရေးတို့နဲ့လည်း ဆန့်ကျင်နေတဲ့ဟာတွေ ဒီမိုကရေစီစံနှုန်းတွေနဲ့လည်း မညီညွတ်တဲ့ ကိစ္စတွေလို့မြင်တယ်” ဟု ၎င်းကပြောသည်။

 

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို မြန်မာနိုင်ငံတစ်ဝန်းလုံးနှင့် ကမ္ဘာတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်ပြီး ယင်းအရာသည် လူသားတိုင်း၏ အခွင့်အရေး၊ တရားမျှတမှု၊ လူ့ဂုဏ်သိက္ခာနှင့် တန်းတူညီမျှမှုတို့အတွက် အရေးကြီးသည့် လူ့အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

လူ့အခွင့်အရေးနေ့ကို ကြိုဆိုမှုပြုလုပ်သူများအပေါ် ဖမ်းဆီးအရေယူမှုလုပ်ဆောင်ခြင်းသည် လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများအား အစိုးရကိုယ်တိုင် ချိုးဖောက်နေခြင်းဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အ စည်းများက ဆိုသည်။

 

အောက်တိုဘာ ၁၉ ရက်ကလည်း ငြိမ်းချမ်းစွာအဖြင့် အစိုးရအား ဆန္ဒဖော်ထုတ်ခဲ့သည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့ကို ဖမ်းဆီးပြီး နိုင်ငံတော်အကြည်ပျက်စေမှုပုဒ်မ ၅၀၅ (ခ)နှင့် တရားစွဲဆိုခဲ့သည်။

 

ယင်းထဲမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်တို့မှာ စက်တင်ဘာလ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ စစ်တွေမြို့ပြည်နယ်အစိုးရရုံးရှေ့၌ ဆန္ဒဖော်ထုတ်မှုကြောင့် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားရင်ဆိုင်နေရသည်။

 

တိုက်ပွဲများဖြစ်ပွားနေသည့် ဒေသများ၌ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုများသည်ကိုတွေ့ရှိရပြီး ယင်းသို့ ချိုးဖောက်မှုများအား ကာကွယ်ရန် လွတ်လပ်စွာထုတ်ဖော်ပြောသူများကိုလည်း ထပ်ဆင့်ပြီး လူ့အခွင့်အရေး ချိုးဖောက်ဖိနှိပ်မှုကို ကြုံတွေ့နေရသည်ဟု မျိုးဆက်လှိုင်းအဖွဲ့မှ အထွေထွေအတွင်းရေးမှူး မအိအိမိုးက ပြောသည်။

 

“ဒီဟာကို ကြည်ခြင်းအားဖြင့် ကျွန်မတို့ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုကလည်း အားနည်းနေတာကို တွေ့ရတယ်။ ဒါ့အပြင် ဒီလိုမျိုးပဋိပက္ခတွေဖြစ်နေတဲ့ ဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကဏ္ဍပေါင်းစုံက ရှိနေတဲ့အပြင် တရားရေးဆိုင်ရာဖက်ကလည်း အထောက်အထားတစ်စုံတစ်ရာပြုမှုမရှိတဲ့အပြင် ဥပဒေအရပါဖိနှိပ်မှုတွေ ရှိနေဆိုတာကို တွေ့ရတယ်”ဟု ၎င်းက ပြောသည်။

 

လက်ရှိ တက်ကြွလှုပ်ရှားသူများအား တရားစွဲထားသော စွဲချက်ထားများကို ရုပ်သိမ်းပြီး ပြန်လွှတ်ပေးရန် အသံအဖွဲ့၊ ဒို့မြေကွန်ရက်၊ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်၊ Rakhine Ethnic Congress ၊ မျိုးဆက်လှိုင်းအဖွဲ့ စသည့် အဖွဲ့အစည်း ၄၃ ဖွဲ့က တောင်းဆိုထားခြင်းဖြစ်သည်။

 

ထိုသို့ လှုပ်ရှားမှုပြုလုပ်သူများအား တရားစွဲဆိုရန် အစိုးရ၏ဆုံးဖြတ်ချက်သည် ဒီမိုကရေစီနှင့်လူ့အခွင့်ရေးကိုချိုး ဖောက်ခြင်း၊ နိုင်ငံသားတို့အခွင့်အရေးနှင့် တိုင်းရင်းတို့၏ အခွင့်အရေးကို ဖိနှိပ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 

ရခိုင်အရေးနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်သဖြင့် တရားစွဲခံထားရသူ ၆၀ ကျော်ရှိပြီး ဖမ်းဆီးခံရကာ ထောင်ဒဏ် ချမှတ်ခံထားရသူ ၂၀ ကျော်ရှိကြောင်း အသံအဖွဲ့၏ စာရင်းအရသိရသည်။

 

မြန်မာနိုင်ငံတွင် လက်ရှိရွေးကောက်ပွဲအနိုင်ရ NLDအစိုးရလက်ထက် လေးနှစ်ကျော် ကာလအတွင်း လွတ်လပ်စွာထုတ်ဖော် ပြောဆိုသဖြင့် တရားစွဲဆိုခံရသူ ၁၀၅၁ ဦး ရှိပြီး တရားစွဲဆိုထားသည့် အမှုပေါင်း ၅၃၉ မှုရှိကြောင်း လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်အရေး ဆောင်ရွက်နေသည့်အသံအ့၏ စီရင်ခံစာအရ သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...