တိုက်ပွဲများရပ်တန့်ထားရုံမျှနှင့် ဥပဒေနှင့်ကိုက်ညီပြီး တရားမျှတသော ရွေးကောက်ပွဲမဖြစ်နိုင်ဟု ဒေါက်တာမျိုးညွန့် ဆို

တိုက်ပွဲများရပ်တန့်ထားရုံမျှနှင့် ဥပဒေနှင့်ကိုက်ညီပြီး တရားမျှတသော ရွေးကောက်ပွဲမဖြစ်နိုင်ဟု ဒေါက်တာမျိုးညွန့် ဆို
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်လက်နက်ကိုင်အဖွဲ့  AA နှင့်တပ်မတော်တို့ နှစ်ဘက်ညှိနှိုင်းပြီး တိုက်ပွဲများရပ်တန့်ထားရုံမျှနှင့် ဥပဒေနှင့် ကိုက်ညီမှုရှိပြီးတရားမျှတသည့် ရွေးကောက်ပွဲမဖြစ်နိုင်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောသည်။

“ရခိုင်မှာ ရွေးကောက်ပွဲကျင်းပဖို့ နှစ်ဘက်ညှိနှိုင်းပြီး တိုက်ပွဲများ ရပ်တန့်ထားရုံမျှနဲ့ ဥပဒေနဲ့ ကိုက်ညီမူရှိပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး” ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲမကျင်းပခဲ့ရသည့် မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ တိုက်တွန်းကြောင်း တပ်မတော်က ဇန်နဝါရီ ၇ ၌ ကြေညာချက်ထုတ်ပြန်မှုနှင့်ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ဇန်နဝါရီ ၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်ထဲတွင် နိုင်ငံသူနိုင်ငံသားများ၏ ဒီမိုကရေစီအခွင့်အရေးများ မဆုံးရှုံးစေရေးနှင့် ဒေသကို ကိုယ်စားပြုမည့် လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် မိမိတို့၏ ဒီမိုကရေစီအခွင့်အရေးများကို ဖော်ဆောင်နိုင်စေရေးတို့အတွက် ရွေးကော်ပွဲကျင်းပရန် ကျန်ရှိခဲ့သည့် ရခိုင်ပြည်နယ် မြို့နယ်ကိုးမြို့နယ်နှင့် ရှမ်းပြည်နယ်မှ မိုင်းကိုင်းမြို့နယ်တို့တွင် ရွေးကောက်ပွဲများ စောလျင်စွာ အမြန်ဆုံးကျင်းပပေးနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အလေးထားတိုက်တွန်းအပ်ပါကြောင်း ဖော်ပြခဲ့သည်။

ဒေါက်တာမျိုးညွန့်က “ရွေးကောက်ပွဲပြန်လည်ကျင်းပလိုရင် ကြားဖြတ်ရွေးကောက်ပွဲသာ ကျင်းပနိုင်ပြီး ကြားဖြတ်ရွေးကောက်ပွဲကို ဥပဒေအရ လွှတ်တော်တစ်ခု၏ ပထမဆုံးနှစ်နဲ့ နောက်ဆုံးနှစ်တွေမှာ ကျင်းပခွင့်မရှိတာကြောင့် ၂ဝ၂၂ နှစ်သာ ကျင်းပခွင့်ရှိပါတယ်။ အကယ်၍ စောစီးစွာ ကျင်းပလိုပါက လွှတ်တော်ကိုခေါ်ယူပြီးတော့ လွှတ်တော်မှာ ရွေးကောက်ပွဲဥပဒေကို အဆိုတင်ဆွေးနွေးပြီး ပြင်ဆင်ပြီးတော့မှ ကျင်းပနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထို့ပြင် ရွေးကောက်ပွဲကျင်းပချိန် လုံခြုံရေးကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ ရွေးကောက်ပွဲမကျင်းပနိုင်မှုမှာ ရွေးကောက်ပွဲ မကျင်းပခင်ကတည်း ကြိုတင်သတ်မှတ်ထားသော မဲဆန္ဒနယ်မြေများနှင့် တူညီမှုမရှိဟု ဆိုသည်။

“ရွေးကောက်ပွဲဥပဒေမှာ ကြားဖြတ်ရွေးကောက်ပွဲနဲ အထွေထွေရွေးကောက်ပွဲသာရှိတယ်။ မကျင်းပခဲ့တဲ့နေရာတွေကို နောက်ဆက်တွဲကျင်းပတာက မရှိဘူး။ အချို့သော မဲဆန္ဒနယ်တွေ၊ အချို့သော မဲရုံတွေမှာ မဲပေးတဲ့နေ့ လုပ်ငန်းစတင်ပြီးတော့ နောက်မှာမှ လုံခြုံရေးကြောင့်ဖြစ်စေ၊ သဘာဝ ဘေးအန္တာရာယ်ကြောင့်ဖြစ်စေ၊ မကျင်းပနိုင်တဲ့ နေရာတွေကို ပြန်လည်ကျင်းပတာဟာ အထွေထွေရွေးကောက်ပွဲမကျင်းပခင်ကတည်းက မကျင်းပနိုင်ဘူးလို့ တစ်ခါတည်း ပယ်ထားတဲ့ ကိစ္စတွေနဲ့ မသက်ဆိုင်ဘူး” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ယမန်နေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရွေးကောက်ပွဲကျင်းပရန် ကျန်ခဲ့သော မြို့နယ်များမှာ လုံခြုံရေးပိုင်းဆိုင်ရာ အာမခံချက်မရှိမှုကြောင့် ကျန်နေခဲ့ခြင်းသာ ဖြစ်ပြီး လုံခြုံရေးဖက်က အာမခံချက်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဦးဇော်ဋ္ဌေးက “ရွေးကောက်ပွဲမကျင်းပရတဲ့နေရာေတွမှာ ဘာကြောင့် မကျင်းပရသလဲဆိုတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ သဘောထားရယ်၊ လုံခြုံရေးပိုင်းဆိုင်ရာ သဘောထားရယ်၊ လုံခြံုရေးပိုင်ဆိုင်ရာ သဘောထား ပြည်ထဲရေး ကာကွယ်ရေးသဘောထားဖြစ်တယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ သဘောထားဆိုတာ ထွေ/အုပ်သဘောထားဖြစ်တယ်။ အထူးသဖြင့်ကတော့ လခြုံရေးပိုင်းဆိုင်ရာ အာမခံချက်မရတဲ့အတွက် ကျနော်တို့ ကျန်ခဲ့တာဖြစ်တယ်ပေါ့နော်။ ဖြစ်တဲ့အခါကျတော့ ကျနော်တို့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်ဖို့က လုံခြံုရေးပိုင်းဆိုင်ရာ အာမခံချက်ပေးဖို့လိုတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂ဝ၂ဝ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် မြို့နယ် (၉) ခုဖြစ်သည့် မောင်တော၊ ဘူးသီတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မြေပုံမြို့နယ်တို့တွင် လုံခြုံရေးအခြေအနေများကြောင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့ခြင်းမရှိပေ။

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) မှ ရခိုင်ပြည်နယ်မှ ရွေးကောက်ပွဲမကျင်းပခဲ့သည့် မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် နိုဝင်ဘာ ၁၂ ရက်က ကြေညာချက်ထုတ်တောင်းဆိုခဲ့ပြီး ၎င်းထုတ်ပြန်ချက်အပေါ် မြန်မာ့တပ်မတော်ကလည်း ကြိုဆိုခဲ့သည်။

ယင်းနောက်ပိုင်းမှစပြီး ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်တန့်ကာ နယ်မြေတည်ငြိမ်အေးချမ်းနေကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...