ရခိုင်တွင် ရွေးကောက်ပွဲကျင်းပရန် တပ်မတော်က လုံခြုံရေးအာမခံချက်မပေးထားဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးပြော

ရခိုင်တွင် ရွေးကောက်ပွဲကျင်းပရန် တပ်မတော်က လုံခြုံရေးအာမခံချက်မပေးထားဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးပြော
by -
မင်းထွန်း (DMG)

ရခိုင်ပြည်နယ်အတွင်းတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပရန် တပ်မတော်က လုံခြုံရေးအာမခံချက်မပေးထားကြောင်း ယနေ့ဇန်နဝါရီ ၈ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

“ဒီလိုမျိုး ကြေငြာချက်ထုတ်တာလည်းတွေ့တယ်။ ဒီအပိုင်းမှာလည်း ကျွန်တော်တို့မေးပါတယ်။ သမ္မတရုံးရော၊ (UEC) ရော လုံခြုံရေးနဲ့ပတ်သတ်တဲ့ အာမခံချက် သဘောထားတွေ ပေးသလား။ ဒီနေ့ထိ၊ အခု ကျွန်တော်လာတဲ့အချိန်ထိ ဘယ်ဌာနမှ ပေးထားတာမရှိဘူးလို့ သိရတယ်။သက်ဆိုင်တဲ့ (UEC) ကို ဒီဒေသ၊ ဒီဒေသတွေကတော့ လုံခြုံရေးအာမခံတယ်ဆိုတာမျိုး ပေးထားတာမရှိဘူး” ဟု ၎င်းကဆိုသည်။

ယင်းအပြင် ရွေးကောက်ပွဲကျင်းပရေးကိစ္စတွင် ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်များ မဲပေးနိုင်ရေး ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်းနှင့် ပါတီအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ မျှတမှုရှိရန် လိုအပ်ကြောင်း ဦးဇော်ဌေးက ပြောသည်။

ရွေးကောက်ပွဲကျင်းပရန်ကျန်ရှိနေသည့် ရခိုင်ပြည်နယ်မှ မြို့နယ်ကိုးခုနှင့် ရှမ်းပြည်နယ်မိုင်းကိုင်မြို့နယ်တို့ တွင် ရွေးကောက်ပွဲများစောလျင်စွာအြမန်ဆုံးကျင်းပပေးရေး သက်ဆိုင်ရာအဖွဲ့အစည်းများကို အလေးထား တိုက်တွန်း အပ်ကြောင်း ဇန်နဝါရီ ၇ ရက်တွင် တပ်မတော်က ထပ်မံ တိုက်တွန်းထားသည်။

အလားတူ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ဘက်ကလည်း ရခိုင်မှ ရွေးကောက်ပွဲမကျင်းပခဲ့ရသည့်မြို့နယ်များတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် တိုက်တွန်းထားသည်။

လက်ရှိအချိန်တွင် တတိယအကြိမ်အကြိမ်လွှတ်တော်ကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်တော့မည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲဖြစ်မြောက်ရေးကို မမျှော်လင့်တော့ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

“ရွေးကောက်ပွဲကျင်းပဖို့ တပ်မတော်နဲ့ AA က ဘယ်လောက်ထိ ကြေငြာချက်ထုတ်ပြန်ထုတ်ပြန် အဓိကတာဝန်ရှိသူတဲ့သူတွေဟာ အစိုးရနဲ့ UEC ပဲဖြစ်တယ်။ ဒါကြောင့် သူတို့က ရွေးကောက်ပွဲလုပ်မယ်ဆိုရင် လုပ်လို့ရသလို မလုပ်ဘူးဆိုရင်လည်း မလုပ်လို့ရတယ်။ အခုအချိန်ဟာ တော်တော်လေးကို နီးကပ်နေတဲ့အချိန်ဖြစ်တဲ့အတွက် ရွေးကောက်ပွဲဖြစ်ဖို့ မမျှော်လင့်ေတာ့ဘူး” ဟု ၎င်းကပြောသည်။

ဆက်စပ်ရွေးကောက်ပွဲကို တတိယအကြိမ်လွှတ်တော် သက်တမ်းမစခင်အချိန်ထိ ပြန်လည်ကျင်းပနိုင်ကြောင်း ဥပဒေပညာရှင်များနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောကြားသည်။

သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပမည့် အခြေအနေနှင့်ပတ်သတ်ပြီး တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

ရခိုင်ပြည်နယ် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးဟူသည့် မြို့နယ်ကိုးခုတွင် မြို့လုံးကျွတ် ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းမရှိပဲ စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူမြို့နယ် လေးခုတွင် တစ်စိတ်တစ်ပိုင်းသာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...