ရွေးကောက်ပွဲလွန်ကာလ သထုံခရိုင်တွင် တပ်မတော်နှင့် KNU တို့ စစ်ရေးတင်းမာလျက်ရှိကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။
အဆိုပါ KNU သထုံခရိုင် တပ်မဟာ ၁ နယ်မြေတွင် တပ်မတော်နှင့် နယ်ခြားစောင့်တပ်အဖွဲ့ BGF ပူးပေါင်း၍ တပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများရှိလာပြီး ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ပစ်ခတ်မှုများဖြစ်ပွားလာကြောင်း ဒေသခံများထံမှသိရသည်။
ထို့ကြောင့် ၎င်းနယ်မြေဒေသရှိ ဒေသခံများအနေဖြင့် သတိနှင့် နေထိုင်သွားလာနေရပြီး မိမိတို့၏လုံခြုံရေးနှင့် အသက်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အိမ်အောက်ရှိ ဗုံးခိုကျင်းများကို ကြိုတင်တူးထားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
အမည်မဖော်လိုသူ ၎င်းဒေသခံက “ဒီလအတွင်းမှာ ပစ်ခတ်မှုနည်းနည်းရှိလာတော့ တချို့က ခဏထွက်ပြေးတိမ်းရှောင်တာရှိတယ်။ အခု နည်းနည်းငြိမ်သွားပြီး။ ဒါပေမယ့် အခြေအနေက စိတ်ချလို့မရသေးဘူး။ အခု ကျေးရွာမှာဆိုရင် အိမ်တော်တော်များများက ကတုတ်ကျင်းတွေ တူးထားတယ်။ သွားလာရင်လည်း စိတ်ချလက်ချတော့ မသွားရဲဘူးပေါ့။ အခြေအနေက ငြိမ်လာမလား၊ ဆိုးလာမလား ဘယ်လိုရှိလာမလဲ မသိဘူး” ဟုပြောသည်။
ယခုနှစ်စတွင် ၎င်းဒေသအတွင်း တပ်မတော်နှင့် နယ်ခြားစောင့်တပ်အဖွဲ့ BGF ပူးပေါင်း၍ လှုပ်ရှားမှုများကို ပြန်လည်စတင်လာသည့်အတွက် ဒေသခံများအနေဖြင့် ယင်းသို့ စိုးရိမ်မှု မြင့်တက်လာခြင်းဖြစ်ကြောင်းလည်း KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ယခုလို ပြောသည်။
“တပ်အင်အားတိုးချဲ့ပြီး တပ်မဟာ (၅) နဲ့ တပ်မဟာ (၁) အစမှာ အနည်းအကျဉ်းလှုပ်ရှားမှု ပိုရှိလာတယ်ပေါ့နော်။ အခု BGF နဲ့ တပ်နဲ့ပေါင်းပြီး မြစ်ကျိုးမှာ အင်အားချဲ့ပြီးတက်လာတာရှိတယ်။ တပ်သားတချို့က ပြန်လာတယ်။ ဒါပေမယ့် တချို့ကကျန်သေးတယ်။ ပြီးတော့ အခု တစ်ရက်နှစ်ရက်မှာလည်း တပ်ဘက်က စုံစမ်းထောက်လှမ်းတဲ့ပုံစံနဲ့ ဒရုန်းတလွှတ်တာ ရှိတယ်” ဟု ပဒိုစောစိုးမြင့်က ပြောသည်။
KNU သထုံခရိုင်၊ တပ်မဟာ (၁) တာဝန်ရှိသူများ၏ပြောကြားချက်အရ ခရိုင်ရုံးအနီးတစ်ဝိုက်တွင် တပ်မတော်ဘက်အနေဖြင့် နေ့ခင်းဘက်အပြင် ညဘက်ပိုင်းတွင်ပါ ဒရုန်းအသုံးပြု၍ မကြာခဏ စုံစမ်းထောက်လှမ်းမှုရှိလာသည့်အတွက် အဆိုပါကိစ္စကို ဖြေရှင်းပေးရန်အတွက် ပြည်နယ် JMC ထံ တင်ပြတောင်းဆိုသော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာထူးခြားလာခြင်းမရှိသလို တပ်မတော်ဘက်မှ ဒရုန်းနှင့်စုံစမ်းထောက်လှမ်းမှု ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု ဆိုသည်။
၎င်းနယ်မြေအတွင်းရှိ ကျသောင်းဆိပ် (ယိုကလား) ကျေးရွာရှိ ဘုန်းကြီးကျောင်းဧရိယာတွင် စခန်းချနေထိုင်သည့် BGF တပ်စခန်းကို ပြန်လည်ရုပ်သိမ်းရန် KNDO တပ်ရင်း (၂) က ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းတွင် စာပို့တောင်းဆိုထားသကဲ့သို့ ဇန်နဝါရီ ၂ ရက်ကလည်း အဆိုပါတပ်စခန်းကို KNLA ဘက်က သွားရောက်ပစ်ခတ်သဖြင့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။