ရွေးကောက်ပွဲနေ့မတိုင်မှ ရက်ပိုင်းအလိုမှစ၍ ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း မြောက်ဦးရှိ စစ်ဘေးရှောင်စခန်းများကို တပ်မတော်ပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးရန် လုပ်ဆောင်နေကြောင်း သိရသည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၁၅ ခုကို မြန်မာတပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးသွားရန် ဇန်နဝါရီ ၂ ရက်နေ့က အကြောင်းကြားထားကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့က မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများဖြစ်သော ညောင်ပင်စျေး၊ လက်ကောက် စျေး၊ အောင်တပ်၊ လောကမူ၊ ထမ္မရာဇ်၊ ကျောက်ကျပ်၊ဆင်ကဲ၊ တင်းတိန်ကန်၊ သံချောင်း၊ တောင်မြင့်၊ စင်းဘောကိုင်း၊ ဝက်လှ၊ တိမ်ညို၊ ပြလှနှင့် နကန်စခန်းတို့တွင် လူဦးရေဖောင်ပွနေသည်ဟုဆိုကာ စစ်ဆေးရန်အကြောင်းကြားထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအဖွဲ့အနေဖြင့် လာရောက်စစ်ဆေးမည့်ရက်ကို အတိအကျပြောထားခြင်း မရှိသည့်အတွက် ရှောင်တခင် ဝင်ရောက်စစ်ဆေးနိုင်ကြောင်း တိန်ညိုစစ်ဘေးရှောင်စခန်းမှ ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးစိုးနိုင်ကပြောသည်။
“ကျွန်တော်တို့စခန်းမှာတော့ တိန်ညိုရွာနားက ရွာတွေမှာနေတဲ့လူတချို့ရှိမယ်။ လက်ရှိက လူသုံးထောင်လောက်ရှိတယ်။ စစ်ဆေးတဲ့အချိန်မှာ စစ်တပ်လည်းပါမယ်ဆိုလို့ နည်းနည်းတော့စိုးရိမ်တာကလွဲလို့ သိပ်ထွေထွေထူးထူးမရှိပါဘူး။ ပစ်တာခတ်တာတွေလည်း မရှိလောက်ဘူးလို့ထင်တယ်လေ” ဟု ၎င်းကပြောသည်။
၎င်းအကြောင်းကြားစာကို ခရိုင်မှတဆင့် မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ စစ်ဘေးရှောင်စခန်းများသို့ စာဖြင့်ပေးပို့လာခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
တိန်ညိုစစ်ဘေးရှောင်စခန်း၌ လူဦးရေ ၃၃၅၅ ဦးနှင့် အိမ်ထောင်စု ၈၇၅ စုခန့် စာရင်းတွင်ရှိသော်လည်း နီးစပ်ရာကျေးရွာများရှိ ဆွေမျိုးအိမ်များတွင် ခိုလှုံနေထိုင်နေသူအချို့ကြောင့် လက်ရှိလူဦးရေ ၃ဝဝဝ ခန့်သာ စခန်းအတွင်း နေထိုင်နေကြောင်း ဦးစိုးနိုင်က ဆက်လက်ပြောသည်။
မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးအား အဆိုပါကိစ္စနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းရန်ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍မရရှိခဲ့သဖြင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းအားဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။
မြောက်ဦးမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဦးမောင်သာစိန် လက်မှတ်ရေးထိုးထားသည့် အကြောင်းကြားစာတွင် မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲရှောင် စခန်းများရှိ တိုက်ပွဲရှောင်ပြည်သူများအား၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ စာရေးတို့ပါဝင်သောအဖွဲ့နှင့် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ စိစစ်သည့်အခါတွင် သက်ဆိုင်ရာ တိုက်ပွဲရှောင်စခန်းအလိုက် ဖွဲ့စည်းထားသည့် စခန်း စီမံခန့်ခွဲရေးကော်မတီများမှ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားရမည်ဟု ပါရှိသည်။
၎င်းအပြင် အဆိုပါအဖွဲ့၏ စိစစ်တွေ့ရှိချက်များအပေါ်မူတည်၍ ရိက္ခာထောက်ပံ့ခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သိရှိရန်နှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲရေးကော်မတီများအနေဖြင့် ပူးပေါင်းပါဝင်ခြင်းမရှိပါကလည်း ကျန်အဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်ချက်ရလဒ်များအား အတည်ပြုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရည်ညွှန်းစာဖြင့် အကြောင်းကြားလာမှုအပေါ် သိရှိလိုက်နာ ဆောင်ရွက်ရန် အကြောင်းကြားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
မြောက်ဦးမြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၂၇ ခုရှိ၍ ယင်းတို့တွင် အိမ်ထောင်စု ၅၂ဝ၅ စု၊ စစ်ဘေးရှောင်ဦးရေ ၁၆၈၄၂ ဦးတို့ ခိုလှုံနေကြောင်း ရခိုင်တိုင်းရင်သားမျိုးနွယ်များအစည်းအရုံး၏ ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၃ ရက်၏ စာရင်းအရသိရသည်။
Published
Thursday, January 07, 2021
ရွေးကောက်ပွဲလွန်ကာလ မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်ဘေးရှောင်စခန်းများကို တပ်မတော်ပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးရန်လုပ်ဆောင်