၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် ၎င်းအခြေစိုက်သည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျေးရွာများသို့ ပြိုင်ဘက်ပါတီများကို ဝင်ခွင့်မပြုသည့်အပြင် အလံနှင့်ဆိုင်းဘုတ်များဖြုတ်ချသည့် ကိစ္စရပ်များအား ယနေ့တိုင် အကြိမ်ကြိမ်ဖြေရှင်းနေရကြောင်း အဆိုပါ, ပါတီမှ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် စောခွန်ကျော်ဝင်းက ပြောသည်။
“ကျွန်တော်တို့က နိုင်ငံရေးပါတီဖြစ်တယ်။ ကျေးလက်ဒေသတွေကို ကျွန်တော်တို့သွားပြီး ထိန်းချုပ်လို့မရဘူး။ ကိုဗစ်ရောဂါကြောင့် ကျွန်တော်တို့ကိုယ်တိုင်တောင် ဝင်လို့မရတဲ့ရွာတွေရှိခဲ့တယ်။ ကျွန်တော်တို့ တားဆီးတာ မျိုး လုံး၀မရှိခဲ့ပါဘူး။ ပြဿနာရှာချင်တဲ့ တစ်ချို့ပါတီတွေတော့ ရှိမှာပေါ့” ဟု စောခွန်ကျော်ဝင်းက ပြောသည်။
ကျေးရွာတချို့သည်ကိုဗစ်ရောဂါကြောင့် ရွာအဝင်လမ်းများအား ရွာသားများမှ ပိတ်စို့ထားခြင်းများရှိနိုင်ပြီး မဲဆွယ်ကာလတွင် ၎င်းတို့ ပါတီအနေနှင့် ပြိုင်ဖက်ပါတီများအား တားဆီးပိတ်ပင်ခြင်းမရှိခဲ့ကြောင်း ၎င်းကဆိုသည်။
ထိုသို့ ရွေးကောက်ပွဲကာလတွင် အငြင်းပွားမှုများဖြစ်ပေါ်ခဲ့သော်လည်း PNO ပါတီအနေဖြင့် တိုင်ကြားခံရခြင်းမျိုးမရှိသကဲ့သို့ PNO ပါတီကလည်း ပြိုင်ဖက်ပါတီများကို တရားဝင်တိုင်ကြားထားခြင်းမျိုး မရှိသေးကြောင်း စောခွန်ကျော်ဝင်းက ဆက်လက်ပြောသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ပအိုဝ်းတိုင်းရင်းသားလူမျိုးများ အများအပြားနေထိုင်သော ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အမျိုးသားလွှတ်တော် ငါးနေရာ၊ ပြည်သူ့လွှတ်တော် ကိုးနေရာ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော် ၁၈ နေရာ၊ တိုင်းရင်းသားလူမျိုးရေးရာ နှစ်နေရာ စုစုပေါင်း မဲဆန္ဒနယ်မြေ ၃၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းတောင် ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ လွိုင်လင်မြို့နယ်တို့တွင် ၁၁ နေရာ အနိုင်ရရှိခဲ့သည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အခြေစိုက်သည့်ပါတီတစ်ခုဖြစ်ပြီး ၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ရွေးကောက်ပွဲမဟာမိတ်ဖွဲ့ခဲ့သေ်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကို ရွေးကောက်ပွဲမဟာမိတ်အဖြစ်မှ ရပ်စဲခဲ့ကြောင်း သိရသည်။