နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုပေါင်း ၁ ဒသမ ၀၁ သန်း တွေ့ရှိခဲ့ကြောင်း ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးခင်ရီကပြောသည်။
ဦးခင်ရီက “တကယ်အတိအကျကတော့ မြို့နယ် ၃၀ ပါပဲ။ ကျွန်တော်တို့ ပါတီတစ်ခုတည်းက ဝင်ပြိုင်တာ မြို့နယ် ၃၁၀ ရှိပါတယ်။ ၃၁၀ မှာ မြို့နယ် ၃၀ မှာ ခုနကပြောတဲ့ခေါင်းစဉ်နဲ့ ၂၆ မျိုးနဲ့ စစ်ဆေးလိုက်တဲ့အခါမှာ အလွဲအချော်တွေဖြစ်နေတာ မသမာမှုတွေ့နေတာ ကိန်းကဏန်းက ၁ ဒသမ ၀၁ သန်းရှိပါတယ်” ဟု ပြောသည်။
ရန်ကုန်တွင် ဇန်နဝါရီ ၅ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယဥက္ကဌဖြစ်သူ ရဲချုပ်ဟောင်းဦးခင်ရီက အထက်ပါအတိုင်းပြောခဲ့ခြင်းဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မြို့နယ်ပေါင်း ၃၁၀ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲစာရင်းများကို ရန်ကုန်တိုင်းတွင် မြို့နယ် ၂၀ နှင့် အထက်မြန်မာပြည်ရှိ မြိုနယ် ၁၀ မြို့နယ် စုစုပေါင်း မြို့နယ် ၃၀ တို့၌ စိစစ်ခဲ့ခြင်းဖြစ်ပြီး ယင်းမြို့နယ် ၃၀ တွင် မဲမသမာမှုပေါင်း ၁ ဒသမ ၀၁ သန်းအထိရှိကြောင်း ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီမှ မဲဆန္ဒရှင်စာရင်းနှင့်ပတ်သက်၍ မှတ်ပုံတင်မပါရှိပဲ မဲပေးခဲ့သူများ၊ မှတ်ပုံတင်လျှောက်ထားဆဲဟုဆိုကာ မဲပေးခဲ့သူများ၊ အသက်မပြည့်ဘဲ မဲစာရင်းတွင်ပါဝင်နေသူများ၊ အကြိမ်ကြိမ် မဲပေးခဲ့သူများ စသည့်အကြောင်းအရာများကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့ပြသနာက ဥပဒေပြသနာမဟုတ်ဘူး။ ဥပဒေအရ ပေးပိုင်ခွင့်ရှိတယ် ဘာညာတွေ ငြင်းမနေနဲ့။ အခုက ယုံကြည်မှုပြသနာ။ ကျွန်တော်တို့ မယုံဘူး ယုံကြည်မှုပြသနာကို ဘယ်လိုရှင်းမလဲ။ နိုင်ငံရေးပြသနာ ဖြစ်နေပြီး ဒါကို ဘယ်လိုရှင်းမလဲ။ တက်လာမည့်အစိုးရက ပြည်သူဆန္ဒနှင့်အညီ တက်လာရမည့်အစိုးရ၊ အစိုးရရဲ့ တရားဝင်ဖြစ်တည်မှု အဲ့ပြသနာဖြစ်နေပြီး။ တာဝန်ရှိသူတွေရှင်းပြဖို့လိုပြီး” ဟု ဦးခင်ရီကပြောသည်။
ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ပြသနာများကို တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ပြန်လည်ဖြေရှင်းရလိုအပ်ကြောင်း ဦးခင်ရီက တိုက်တွန်းခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲမသမာမှုနှင့်ပတ်သက်၍ ရဲစခန်းတွင်တိုင်ကြာထားသော ရဲအရေးပိုင်သည့်အမှု ၁၂၇ မှုနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တိုင်ကြားထားသော အမှုပေါင်း ၁၁၆၄ မှုအထိရှိကြောင်း သိရသည်။
Published
Wednesday, January 06, 2021
ရွေးကောက်ပွဲတွင် မဲမသမာမှုပေါင်း တစ်သန်းကျော်ရှိဟု ပြည်ခိုင်ဖြိုးစွပ်စွဲ