ရွေးကောက်ပွဲနှစ်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ရခိုင်စစ်ဘေးရှောင်များ စားဝတ်နေရေးကျပ်တည်းမှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင်များသည် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ၍ ကျောက်တော်စစ်ဘေးရှောင်စခန်းသို့ တိမ်းရှောင်ခဲ့ရသည့် ကျောက်တော်မြို့နယ် မာလာသစ်ကျေးရွာမှ ဒေသခံများဖြစ်ကြောင်း သိရသည်။
မာလာကျေးရွာတွင် မြိုနှင့် ရခိုင်ရွာနှစ်ရွာရှိပြီး ရခိုင်လူမျိုးများနေထိုင်သည့် မာလာသစ်တွင် အိမ်ခြေ ၂၂၀ ကျော်ရှိပြီး လူဦးရေ ၅၀၀ ကျော်ရှိကာ ရွာသားများ အားလုံးမှာ ရွာကို စွန့်ခွာ၍ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရကြောင်း သိရသည်။
ထို့သို့ စစ်ဘေးရှောင်ဘဝဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရသော ကျောက်တော်မြို့နယ်၊ မာလာသစ်ကျေးရွာမှ ဒေသခံများအနေဖြင့် စားဝတ်နေရေးအခက်အခဲကိုဖြေရှင်းရန် ၎င်းတို့နေရပ်တွင်ကျန်ရှိခဲ့သည့် ကျွဲ နွား ဆိတ်စသည့် တိရစ္ဆာန်များကို ရွှေ့ပြောင်းယူဆောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ယူဆောင်နိုင်ရေး စစ်ဘေးရှောင်များက ရခိုင်ပြည်နယ်အစိုးရအနေဖြင့် အကူအညီပေးရန် ဒီဇင်ဘာ ၃၀ ရက်က စာပို့တောင်းဆိုထားခဲ့ပြီး စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။
စစ်ရှောင်စခန်းတွင် စားဝတ်နေရေး၊ ကျန်းမာရေးအခက်အခဲများကြောင့် မိမိတို့၏ ချွေး၊ သွေးတို့ဖြင့် ရိုးသားစွာ လုပ်ကိုင်ထားရှိကြသော ပစ္စည်းများအား သယ်ယူခွင့်ရရှိလိုပြီး ၎င်းတို့၏ ကိုယ်ပိုင်ပစ္စည်းများအား သယ်ယူခွင့်ရမည်ဆိုလျှင် ယခုဒုက္ခသည်စခန်းတွင် ကြုံတွေ့နေရသော အခက်အခဲများအား တစ်စိတ်တစ်ဒေသ ဖြေရှင်းပေးနိုင်မည်ဟု ယုံကြည်ကြောင်း ဦးစောရွှေသိန်းက ပြောသည်။
ကျေးရွာသားများကိုယ်စား စာရေးတောင်းဆိုသူ ဦးစောရွှေသိန်းက “ဒုက္ခသည်စခန်းမှာနေရတော့ ဒုက္ခအမျိုးမျိုးနဲ့ ကျွန်တော်တို့ စားရေး၊ သောက်ရေး အဆင်မပြေဖြစ်လာတဲ့အခါမှာ အိမ်မှာကျန်လိုက်တဲ့ ပစ္စည်းတချို့ကို ယူခွင့်ပေးမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့အခက်အခဲတွေကို တစိတ်တဒေသ ဖြေရှင်းပေးနိုင်မယ်လို့တော့ ထင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့မှာ အိမ်မှာကျန်ခဲ့တဲ့ ဆန်၊ စပါး၊ ကျွဲ၊ နွားတွေကို စောင့်ရှောက်ခွင့်ပြုရင် ကျနော်တို့ ခံစားနေရတဲ့ ပြဿနာတွေကို လျော့ချနိုင်ဖို့လို့တော့ ထင်မိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က အသနားခံစာတင်ရခြင်းဖြစ်ပါတယ်” ဟုပြောသည်။
မာလာသစ်ရွာသားများ ရခိုင်ပြည်နယ်အစိုးရထံသို့ အသနားခံစာပေးပို့သောစာတွင် “တိုက်ပွဲများကြောင့် မာလာကျေးရွာသည် အိုးအိမ်စွန့်ခွာပြီး ၂၀၂၀ ခုနှစ်၊မတ် ၁၇ ရက်တွင် ကျောက်တော် စစ်ဘေးရှောင် စခန်းသို့ ခိုလှုံရန်ရောက်ရှိခဲ့ရပါကြောင်း၊ ဤသို့ အိုးအိမ်စွန့်ခွာထွက်ပြေးလာစဉ် မိမိတို့ ပိုင်ဆိုင်သည့် ဆန်၊ စပါး၊ ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ကြက်၊ ဘဲ၊ စက်ပစ္စည်းများနှင့် သယ်ယူရန်မဖြစ်နိုင်သော ပိုင်ဆိုင်မှုများကို ချန်ရစ်ပြီး ထွက်ပြေး လာရပါကြောင်း၊ စစ်ရှောင်စခန်းတွင် အလုပ်လက်မဲ့ဘဝဖြင့် နေထိုင်လာသည်မှာ ၁၀ လခန့် ကြာမြင့်လျက်ရှိနေပြီဖြစ်သဖြင့် ကာလရှည်ကြာမြင့်လာသောကြောင့် ၎င်းတို့၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုဒုက္ခအမျိုးမျိုးတို့ကို တွေ့ကြုံခံစားနေရပါကြောင်း ရေးသားဖော်ပြထားသည်။
မာလာသစ်ကျေးရွာအနီး မျောက်တောင်တောင်တွင် တပ်မတော်သားများ တပ်စွဲနေထိုင်မှုများရှိနေသဖြင့် ရွာသားများမှာ မိမိရပ်ရွာသို့သွားရောက်ရန် စိုးရိမ်လျက်ရှိပြီး အစိုးရထံ အကူအညီတောင်းခံခြင်းဖြစ်ကြောင်း သိရသည်။
Published
Wednesday, January 06, 2021
ရွေးကောက်ပွဲနှစ်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ရခိုင်စစ်ဘေးရှောင်များ စားဝတ်နေရေးကျပ်တည်းမှုနှင့်ကြုံတွေ့နေ