ဖမ်းဆီးထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တိုက်တွန်း

ဖမ်းဆီးထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တိုက်တွန်း
by -
မင်းထွန်း (DMG)၊ ကောင်းကျော်နိုင်

ရခိုင်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ်အလုပ်မှုဆောင်အဖွဲ့က ဒီဇင်ဘာ ၂၉ ရက်၌ ထုတ်ပြန်ချက်ထုတ်ပြန်၍ တိုက်တွန်းခဲ့သည်။

အဆိုပါလက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးသွားခဲ့သော ဒေါ်နီနီမေမြင့်၊ ဦးမင်းအောင်နှင့် ဒေါ်ချစ်ချစ်ချောတို့ သုံးဦးသည် ရက်ပေါင်း ၇၀ ကျော်ကြာသည့်တိုင် ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသည့်အတွက် မိသားစုများ လွန်စွာစိုးရိမ်ပူပင်လျက်ရှိကြောင်းနှင့် မြို့နယ်တွင်း နေထိုင်သူများ၊ ပြည်နယ်အတွင်းရှိ နေထိုင်သူများမှာလည်း ကြောက်ရွံ့စိုးရိမ်မှုတို့ဖြင့် နေထိုင်လုပ်ကိုင်စားသောက်နေရကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ NLD ပါတီဝင်သုံးဦးသည် အောက်တိုဘာ ၁၄ ရက်က တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာသို့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးသွားရောက်စဉ် AA အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

“ဖမ်းထားတာက ကြာလည်းကြာနေပြီဆိုတော့ လွှတ်ပေးစေချင်တယ်။ ကိုယ့်မှာ မိသားစု ဘာပဲလုပ်စားရ၊ လုပ်စားရ။ ရွေးကောက်ပွဲလည်း ပြီးသွားပြီ။ အခုက လွှတ်တော်တောင်မှ တက်ကြတော့မယ်ဆိုတော့ ပြန်ပြီး လွှတ်စေချင်တယ်။ ကျန်းမာရေးအတွက်လည်း စိုးရိမ်တယ်။ သူက ကျန်းမာရေးကောင်းတာမဟုတ်ဘူး။ အားလုံး ပြန်လွှတ်ပေးစေချင်တယ်။ သူတို့မှာ အပြစ်ရှိတာလည်းမဟုတ်ဘူး” ဖမ်းဆီးခံရသည့် ဒေါ်နီနီမေမြင့်၏ အဒေါ်ဖြစ်သူ ဒေါ်မြရီက ပြောသည်။

ယနေ့ မြန်မာနိုင်ငံ၏အခြေအနေသည် အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ် အောင်မြင်စွာ တည်ဆောက်ပေါ်ထွန်းရေးအတွက် အခွင့်အလမ်းအကောင်းဆုံး အချိန်အခါကောင်းဖြစ်ကြောင်း NLD ရခိုင်ပြည်နယ် အလုပ်အမှုဆောင်အဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။

ထို့ကြောင့် AA အဖွဲ့အနေဖြင့် နိုင်ငံအတွက် တန်ဖိုးကြီးမားလှသည့် အခွင့်အလမ်းကောင်းတစ်ရပ်ကို လက်လွှတ်ဆုံးရှုံးမခံဘဲ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို အမြန်ဆုံးပြန် လွှတ်ပေးခြင်းသည် “နောင်အနာဂါတ် မြန်မာနိုင်ငံအတွက် ရှေ့ရှုရမည့် ပြည်ထောင်စုအရေးကိစ္စအတွက်” များစွာ အကျိုးဖြစ်မည်ဟု ယုံကြည်သည့်အတွက် ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် အနူးအညွတ်တိုက်တွန်းနှိုးဆော်အပ်သည်ဟု ၎င်းထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် AA မှ ဖမ်းဆီးထားသည့် NLD ပါတီဝင်သုံးဦးကို နှိပ်စက်ခြင်းမရှိဘဲ ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း နှစ်ဦးနှစ်ဘက် ညှိနှိုင်းမှုအဆင်ပြေကာ အပြန်အလှန်နားနည်မှု ရရှိသောအေြခအနေတွင် အမြန်ဆုံးပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် စွပ်စွဲချက်များဖြင့် ဖမ်းဆီးအကျဉ်းချခံနေရသော ရခိုင်ပြည်သူများနှင့် ရခိုင်နိုင်ငံရေးသမားများအပါအဝင် မတရားဖမ်းဆီးခံထားရသော ULA အဖွဲ့ဝင်များ၏ ဆွေမျိုးရင်းချာများနှင့် ငြိမ်းချမ်းရေးအတွက် တောင်းဆိုမှုကြောင့် ဖမ်းဆီးခံထားရသည့် ကျောင်းသားများအား လူသားချင်းစာနာစိတ်ဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် AA က တောင်းဆိုထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...