မကြာမီ ပြန်လည်ဖွဲ့စည်းမည့် အစိုးရအနေဖြင့် ကချင်ပြည်နယ် ပူတာအိုခရိုင် ခါကာဘိုရာဇီတောင်ခြေရှိ နောင်မွန်းမြို့အား ဆက်သွယ်ရေးကောင်းမွန်စွာရရှိအောင် လုပ်ဆောင်ပေးရန် ဒေသခံများက တောင်ဆိုလိုက်သည်။
နောင်မွန်းဒေသခံ ကိုဘီဆက်ဂျောင်လင်းက “နားနဲ့ပဲ ကြားနေရတဲ့ တိုးတက်မှု ပြောင်းလဲမှုကိုလည်း မလိုချင်တော့ဘူး။ ဆိုတော့ ပြည်သူတွေကို အမှန် တကယ်ချစ်တယ်ဆိုရင် အလုပ်နဲ့ သက်သေပြပေးပါ။ ကျွန်တော်တို့ ခါကာဘိုရာဇီတောင်ခြေမှာရှိတဲ့ နောင်မွန်မြို့ မှာလည်း လူတွေရှိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေကလည်း လူပါ။ ဒါ့ကြောင့် ပြည်သူတွေကို အမှန်တကယ် ချစ်ရင် NLD အစိုးရဖြစ်တဲ့နည်းတူ၊ ပြည်သူ့ ဘက်က ရပ်တည်တဲ့ အစိုးရဖြစ်တဲ့နည်းတူ ကျွန်တော်တို့ နောင်မွန်မြို့နယ်ကို အင်တာနက်လိုင်း ဖုန်းလိုင်း အမြန်ဆုံးပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောသည်။
လက်တလောအနေအထားအရ နောင်မွန်းမြို့ထဲတွင် ဖုန်းပြော၍ရသော်လည်း လိုင်းမကောင်းကြောင်းနှင့် အင်တာနက် အသုံးပြုရာတွင်လည်း 2G သာ ရသည့်အတွက် သတင်းအချက်အလက်များကို အွန်လိုင်းပေါ်က သိရှိရန် မလွယ်ကူသည့်အတွက် အစိုးရကို တောင်းဆိုရခြင်းဖြစ်သည်ဟု ဆိုသည်။
နောင်မွန်းမြို့ထဲတွင် ဖုန်းလိုင်းနှင့် 2G အင်တာနက် အသုံးပြု၍ ရသော်လည်း မြို့နှင့်အနီးတစ်ဝိုက်ကျေး ရွာ များ၊ ဝေးလံခေါင်ဖျားသည့် ကျေးရွာများတွင်မူ ဖုန်း၊အင်တာနက်လုံးဝမရကြောင်း ဒေသခံများက ပြောသည်။
ခါကာဘိုလူငယ်အဖွဲ့မှ ကိုအားဖုန် က “မြန်မာနိုင်ငံရဲ့ အောက်ပိုင်းမှာရှိတဲ့ မြေပြန့်ဒေသမှာကျတော့ ကောင်းမွန်တဲ့ တယ်လီဖုန်းလိုင်းနဲ့ မြန်နှုန်းမြင့်ကွန်ရက် အင်တာနက် ဆက်သွယ်မှုကို ရရှိကြတာဖြစ်ပါတယ်။ သို့သော် ကျွန်တော် တို့ ဒီနောင်မွန်းမြို့နယ်မှာရှိတဲ့ ကျွန်တော်တို့လို လူနည်းစုအဖွဲ့ ဝင်တွေကျတော့ ကျေးရွာ တိုင်းလိုလိုဖုန်းလိုင်း မရပါ ဘူး။ အင်တာနက်ဆိုရင် ဝေလာဝေးဖြစ်ပါတယ်” ဟုပြောသည်။
ကချင်ပြည်နယ်အတွင်း မြို့နယ် ၃၀ ရှိသည့်အနက် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကစတင်ပြီး နောင်မွန်းမြို့မှာ 2G အင်တာနက်လိုင်းနှင့် MPT ဖုန်းလိုင်းများ ရရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများမှာ အသုံးမဝင်သည့် လိုင်းများသာဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
နောင်မွန်းဒေသခံ မဆန်နိုင်းနန်ဆိုင်း က“အင်တာနက်လိုင်းရတာ တစ်နှစ်နီးပါးရှိလာပြီ။ နောင်မွန်းမှာနေရင် post တစ်ခုတောင်မှ မတင်ဖူးဘူး။ ပြောဖို့ တောင် ရှက်တယ်။ post တင်ဖို့ဆိုတာ လုံးဝမလွယ်ဘူး။ မက်ဆင် ဂျာတစ်ခုတွေ့ဖို့တောင်မှ အရမ်းခက် တယ် လို့။ အင်တာနက်ရတယ်ဆိုတာပဲ သိနေပေမယ့် လုံးဝမသုံးဖြစ် ဘူး။ 2G ဆိုတာ့ အသုံးမဝင်ဘူးဖြစ် နေတယ်။ အမည် ခံပုံစံပဲ ဖြစ်သွားပေါ့။ ရတော့ရတယ် အသုံးမဝင်ဘူး။ ဒီအတိုင်းပဲ လည်နေတာ။ 2G ပဲ ရတာ၊ 2G ပဲရ တော့ တခါတလေ ဖုန်းခေါ်ဖို့လည်း တော်တော်လေး စောင့်ရ တယ်။ အရေးကြီးပြီဆိုရင်တော့ တစ်ခါနှစ်ခါ ခေါ် တာနဲ့ မရဘူး။ အနည်းဆုံး လေးငါးဆယ်ခါ အဲ့လောက် ခေါ်မှရတယ်။ အရမ်းစိတ်ရှည်ရတာ ပေါ့” ဟု ပြောသည်။
နောင်မွန်းမြို့နယ်သည် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ကောင်းမွန်စွာ မရသည့်အပြင် လမ်းပန်းဆက် သွယ်ရေးလည်း ခက်ခဲသည့်အတွက် ကုန်ဈေးနှုန်းလည်း အလွန်ကြီးပြီး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍ များနှင့် စီးပွားရေးကဏ္ဍများတွင် လည်း အလွန်နောက်ကျနေကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ဆက်သွယ်ရေးလိုင်းများကောင်းမွန်စွာ မရရှိသောကြောင့် ကျန်းမာရေးကြောင့်သော်လည်းကောင်း၊ အသက်အန္တရာယ် ကြောင့်သော်လည်းကောင်း စသည့် အရေးပေါ် အခြေအနေများနှင့် ကြုံရသည့်အချိန်များတွင် တစ်နေရာ နှင့် တစ်နေရာ သတင်းအချက်အလက် ဖလှယ်ရန် ခက်ခဲသည့်အတွက် တစ်ခါတစ်ရံလနှင့် ချီကြာပြီးမှသာ ဖြစ်ပွားခဲ့သည့် အကြောင်းအရာများကို သိရသည်ဟု ဒေသခံများက ဆိုသည်။
ထိုအခြေအနေများကြောင့် သတင်းအချက်အလက်များ လွတ်လပ်စွာ စီးဆင်းနိုင်ရန်နှင့် လူ့အခွင့်အရေး ကို ကာကွယ်မြှင့်တင်ပေးရန် အစိုးရမှ ဖုန်းလိုင်းနှင့် မြန်နှုန်းမြှင့်အင်တာနက်လိုင်းများကို ရရှိအောင် လုပ်ဆောင် ပေးရန် တာဝန်ရှိသည်ဟု ခါကာဘိုလူငယ်အဖွဲ့မှ ကိုအားဖုန်က ဆိုသည်။
“နိုင်ငံသားတိုင်း သတင်းအချက်အလက်ရရှိဖို့အတွက် အင်တာနက်ကွန်ရက် ချိတ်ဆက် ဆက်သွယ်ပေးဖို့ အစိုး ရမှာ တာဝန်ရှိတယ်ဆိုကို နိုင်ငံတကာမှာ အသိအမှတ်ပြုထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လူ့အခွင့် အရေးကို ကာကွယ်မြှင့်တင်ဖို့နဲ့ တန်းတူညီမျှရေးအတွက် ကျနော်တို့ ဒီနောင်မွန်းမှာရှိတဲ့ လူနည်း စုအဖွဲ့ ဝင်တွေအားလုံး၊ ကျေးရွာတွေအားလုံး အင်တာနက်ကွန်ရက်ရရှိရေးဟာ အစိုးရအပေါ်မှာ အပြည့်အဝတာဝန် ရှိပါတယ်” ဟု ၎င်းက ပြောသည်။
မဆန်နိုင်းနန်ဆိုင်း ကလည်း “ကျမတို့ဘက်က သတင်းတွေ အကြောင်းအရာတွေ မြို့ကိုပို့ရမယ်ဆိုရင်လည်း လနဲ့ချီပြီးကြာတာမျိုးပေါ့။ ဆို တော့ ဘာပြဿနာဖြစ်ဖြစ် အကျိုးမရှိသလိုမျိုးဖြစ်နေရတယ်။ အဲ့တော့ ကြာလာ တော့ ဒီအတိုင်းပဲ ကျော်သွားတာ များတယ်။ အစိုးရဘက်က လုပ်တဲ့စီမံကိန်းတွေဆိုရင်လည်း သူတို့တော့ လုပ်သွားတယ်။ ဒါပေမယ့် ကျွန်မတို့ဘက်က မကျေနပ်တဲ့ဟာတွေ၊ မနစ်မြို့တာမျိုးတွေဆိုရင် ဘယ်သူ့ကို ပြောရမလဲမသိဘူး။ ဘယ်သူ့ကိုပို့ရ မယ်ဆိုတာမျိုးတွေမသိဘူးလေနော်” ဟုပြောသည်။
အဆိုပါအနေအထားများကြောင့် လက်ရှိ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် NLD အနေဖြင့် အစိုးရ သစ်ဖွဲ့စည်းပြီးနောက် ဖော်ဆောင်မည့် ဒေသအကျိုးပြု လုပ်ငန်းများတွင် ကချင်ပြည်နယ် ပူတာအိုခရိုင်ရှိ နောင်မွန်းမြို့နယ်အား ဖုန်းလိုင်းနှင့် မြန်နှုန်းမြှင့် အင်တာနက်များကို ရရှိအောင် လုပ်ဆောင်ပေးရန် မေတ္တာရပ်ခံ တောင်းဆိုရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။