မွန်တွင် ရွေးကောက်ပွဲကန့်ကွက်လွှာပေါင်း ၂၀ ကျော် USDP တင်သွင်းထား

မွန်တွင် ရွေးကောက်ပွဲကန့်ကွက်လွှာပေါင်း ၂၀ ကျော် USDP တင်သွင်းထား

ရွေးကောက်ပွဲကန့်ကွက်လွှာပေါင်း ၂၀ ကျော်တင်သွင်းထားကြောင်း မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမော်ဦးက ပြောသည်။

USDP အနေဖြင့်ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအား တရားမျှတမှုမရှိဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်မှု ၁၈ ခုနှင့် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်ကို ကန့်ကွက်မှု ငါးခု၊ စုစုပေါင်း ၂၃ ခု တင်သွင်းထားခြင်းဖြစ်ကြောင်း သိရသည်။

“UEC ကို ကန့်ကွက်ထားတာရှိသလို၊ ကိုယ်စားလှယ်ကို ကန့်ကွက်ထားတာလဲရှိတယ်။ ကိုယ်စားလှယ်ကို ကန့် ကွက်ထားတာကငါးယောက်ပေါ့နော်။ UEC ကို ပါတီက ကန့်ကွက်တာကတော့ ၁၈ ခုရှိတယ်။ ကိုယ်စား လှယ်ကို ကန့်ကွက်တာနဲ့ ပတ်သက်ပြီးတော့ ဥပမာ မော်လမြိုင်မှာဆိုရင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၅ က NLD လွှတ်တော်ကိုယ်စားလှယ်က မဲဆန္ဒနယ်မြေအတွင်းမှာ ဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်ပြီး တော့ ရဲစခန်းမှာ အမှုဖွင့်ထားတာရှိတယ်။ အဲဒီအချက်ကိုယူပြီးတော့ ကန့်ကွက်တာဖြစ်တယ်” ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမော်ဦးက ပြောသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ကန့်ကွက်မှုကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲရလဒ်များ ကြေညာသည့်နေ့မှစ၍ ၄၅ ရက်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းနိုင်ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲရလဒ်များကို နိုဝင်ဘာ ၁၀ ရက်က ထုတ်ပြန်ကြေညာခဲ့သဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ဒီဇင်ဘာနောက်ဆုံး အပါတ်အထိ ကန့်ကွက်လွှာများတင်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

“နိုဝင်ဘာ ၁၀ ရက်နေ့မှာ လွှတ်တော်အားလုံးအတွက် (ရွေးကောက်ပွဲရလဒ်) တရားဝင်ကြေညာချက် ထွက်ထားတာပါ။ ၁၀ ရက်ကနေ အပေါင်း ၄၅ ရက်ပေါ့နော်။ ကန့်ကွက်လိုသူတွေအနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ ကန့်ကွက်နိုင်တယ်” ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်ကပြောသည်။

ယင်းသို့ ကန့်ကွက်လွှာတင်သွင်းသူများအနေဖြင့် ကန့်ကွက်လွှာနှင့် အတူ နိုင်ငံတော်က ကုန်ကျမည့် အမှုစရိတ်အတွက် ငွေကျပ် ငါးသိန်းကို ပေးသွင်းရမည်ဖြစ်ပြီး ကန့်ကွက်လွှာတစ်စောင်၌ ကန့်ကွက်သူတစ်ဦး ထက်ပို၍ပါရှိလျှင် ကန့်ကွက်သူတစ်ဦးချင်းအလိုက် ငွေကျပ်ငါးသိန်းပေးသွင်းရမည်ဖြစ်သည်။

“ကန့်ကွက်လွှာတင်သွင်းမယ်ဆိုရင် တစ်ဦးကို ကန့်ကွက်မယ်ဆိုရင် နိုင်ငံတော် အမှု စရိတ်ငါးသိန်းပေး သွင်းရမယ်။ အဲဒီ ငါးသိန်းနဲ့အတူ သတ်မှတ်ထားတဲ့ပုံစံအတိုင်း ကန့်ကွက် လွှာတင် သွင်း လို့ရ ပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းသို့ ကန့်ကွက်လွှာတင်သွင်းပြီးပါက နိုင်ငံတော်ကကုန်ကျမည့်အမှုစရိတ်ပေးသွင်းထားသည့် ငွေကျပ် ငါးသိန်းကို မည်သည့်အကြောင်းကြောင့်မျှ ပြန်လည်ထုတ်ယူခွင့်ရှိမည်မဟုတ်ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲ၌ တစ်သီး ပုဂ္ဂလအပါအဝင် နိုင်ငံရေးပါတီ ၁၆ ပါတီမှ ကိုယ်စားလှယ်လောင်း ၂၅၇ ဦး ဝင်ပြိုင်ခဲ့ကြပြီး NLD ပါတီက ၃၄ ဦးနှင့် မွန်ညီညွတ်ရေးပါတီက ၁၁ ဦးတို့ရွေးကောက်တင်မြှောက်ခံထားရသည်။

ယခုနှစ်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ USDP မှ ကန့်ကွက်တင်သွင်းမှု ၂၀ ကျော်ရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲက ကန့်ကွက်လွှာတင်သွင်းသူ မရှိခဲ့ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူက ပြောသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...