လာမည့်အစိုးရလက်ထက်တွင် လုပ်ဆောင်သင့်သည့်အရာများကို ဖိအားပေးတောင်းဆိုရန် ပြင်ဆင်ထားဟု ကိုယ်စားလှယ်လောင်း ဦးစိန်လွင်ပြော

လာမည့်အစိုးရလက်ထက်တွင် လုပ်ဆောင်သင့်သည့်အရာများကို ဖိအားပေးတောင်းဆိုရန် ပြင်ဆင်ထားဟု ကိုယ်စားလှယ်လောင်း ဦးစိန်လွင်ပြော

လာမည့်အစိုးရလက်ထက်တွင် လုပ်ဆောင်သင့်သည့်အရာများနှင့်ပတ်သက်၍ ဖိအားပေးတောင်းဆိုရန်ပြင်ဆင်ထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိန်လွင်ကပြောသည်။

၎င်းသည် ကနန်းတိုင်းရင်းသားတစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ ဘာလုပ်ပေးသင့်သလဲဆိုတဲ့ အခြေအနေပေါ်မှာပဲကျွန်တော်တို့က ဖိအားတွေပေးနိုင်ဖို့ကိုပဲ လက်ရှိမှာပြင်ဆင်နေပါတယ်။ ဘာလို့ ဒီစကားပြောရလည်းဆိုတော့ တောင်းဆိုတိုင်းလည်း မရခဲ့သလို မဖြစ်နိုင်တာကို တောင်းဆိုခဲ့ကြတာလည်း မဟုတ်ပါဘူး။ အဲတော့ ပြည်သူကို တကယ်ကိုယ်စားပြုတဲ့အစိုးရဖြစ်ပါစေလို့ပဲ ဆုတောင်းနေရမလို ဖြစ်နေပါတယ်” ဟု ၎င်းကပြောသည်။

တိုင်းနှင့်ပြည်နယ်အစိုးရများအနေဖြင့်လည်း မိမိတို့တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ လိုအပ်ချက်များကို သိရှိပြီးဖြစ်သောကြောင့် လုပ်ဆောင်ပေးနိုင်မည့် အခြေအနေများ ပြည်စုံခဲ့ပါက လူနည်းစု တိုင်းရင်းသားများအတွက်ပါ ထည့်သွင်းစဉ်းစားပေးစေချင်ကြောင်း ဦးစိန်လွင်က ဆက်လက်ပြောသည်။

“မဖြစ်နိုင်တဲ့အရာကို တောင်းဆိုမျှော်လင့်နေတာမျိုးလည်း မဟုတ်ပါဘူး။ ဖြစ်နိုင်တဲ့အရာ ဖြစ်သင့်တဲ့အရာ လုပ်ပေးနိုင်တဲ့အခြေအနေနဲ့ ပြည့်စုံခဲ့ရင်လူနည်းစုတိုင်းရင်းသားတွေတွက်ပါ ထည့်သွင်းစဉ်းစားပေးစေချင်တာပေါ့။ တိုင်းအစိုးရမှာလည်း ဒီတိုင်းမှာ ဒီနယ်ပယ်မှာ ဘာတိုင်းရင်းသား တွေရှိတယ်။ဘာတွေ အဓိကလိုအပ်နေတယ်ဆိုတာ သိပြီးဖြစ်မှာပါ။ သိပြီးပြီလို့လည်းမျှော်လင့်ပါတယ်” ဟု ၎င်းကပြောသည်။

“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ဘာမှ ထွေထွေထူးထူးမရှိပါဘူး။ နှစ်ပေါင်းများစွာ စနစ်ဆိုးရဲ့ လွှမ်းမိုးမှုနဲ့ နေလာခဲ့ကြတာဆိုတော့ အသားကျနေပြီဖြစ်တဲ့ ပြည်သူတွေကို အမြင်ပြောင်းနိုင်ဖို့က အချိန်ခဏလေးနဲ့ မရနိုင်ဘူး။ ကျွန်တော်တို့တွေ အများကြီး ကြိုးစားကြရဦးမှာပါ။ တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီးတော့ဆိုရင် အများကြီးမျှော်လင့်တာပေါ့။ ဘယ်အစိုးရ ဘယ်ပါတီတက်တက် တိုင်းရင်းသားအရေးကိုလည်း ကိုယ့်ရဲ့သားအရင်း/သမီးအရင်းပေါ်ထားတဲ့ စိတ်မျိုးနဲ့ အလေးထားတာကိုတော့ လိုချင်တာပေါ့” ဟု ၎င်းကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးညီညီဟန်က ခိုင်လုံမဲ ၄၀.၂၂ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ပြီး ဦးစိန်လွင်က ခိုင်လုံမဲ ၄.၇၈ ရာခိုင်နှုန်းရရှိခဲ့ကြောင်း သိရသည်။

ကနန်းတိုင်းရင်းသားများသည် လူဦးရေ နှစ်သောင်းကျော်သာရှိသော လူနည်းစုတိုင်ရင်းများဖြစ်ပြီး ဗန်းမောက်မြို့နယ်ရှိရွာ ၂၄ ရွာတွင် အခြေချနေထိုင်လျက်ရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...