ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတောသမ္မတ၏တိုက်တွန်းချက်အတိုင်း အမြန်ဆုံးအကောင်အထည်ဖော်ရန် ရခိုင်လူမှုအဖွဲ့များက တောင်းဆိုလိုက်သည်။
နိုင်ငံတောသ္မတဦးဝင်းမြင့်သည် ဒီဇင်ဘာ ၁၅ ရက်ကကျရောက်ခဲ့သည့် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သည့် သဝန်လွှာတွင် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး အမြန်ဆုံးအကောင်အထည်ဖော်စေလိုကြောင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
“သမ္မတဟာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဒီမိုကရေစီစနစ်ကို အဓိကကျင့်သုံးတဲ့ နေရာမှာ အဓိက အကြီးဆုံး ပုဂ္ဂိုလ် ဖြစ်တဲ့အတွက်ကြောင့် သူဟာ လက်နက်ကိုင်တွေထက် အများကြီးစောပြီး ပြောပြရမှာဖြစ်တယ်။ နောက် တစ်ခုက ရွေးကောက်ပွဲကို အမှန်တကယ်ကျင်းပဖို့လိုလားတယ်ဆိုရင် သမ္မတဟာ ဘယ်သူ့ကိုတောင်းဆိုတာ လည်းပေါ့။ UEC ကိုတိုက်တွန်းတာလား၊ အေအေကိုတိုက်တွန်းတာလား၊ တပ်မတော်ကို တိုက်တွန်းတာလား၊ သမ္မတာဟာဘယ်နေရာမှာရှိတယ်ဆိုတာကိုလည်း သဲသဲကွဲကွဲသိဖို့လိုအပ်တယ်။ အခုလိုမျိုးတိုက်တွန်းတာ ကို တော့ ကျွန်တော်တို့လူထုတွေအနေနဲ့က လုံးဝကိုလက်ခံတယ်။ ကြိုဆိုတယ်”ဟု ရခိုင်လူငယ်မျိုးဆက်သစ်အဖွဲ့ တည်ထောင်သူ ဦးသန်းလှက ပြောသည်။
ရခိုင်တွင် ရွေးကောက်ပွဲကျင်းပရန် သမ္မတကြီးတစ်ဦးအနေဖြင့် တောင်းဆိုခြင်းထက် လုပ်ပိုင်ခွင့်အရသော်လည်း ကောင်းဆောင်ရွက်သင့်ကြောင်း မြိုမျိုးဆက်သစ်လူငယ်အဖွဲ့၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုအေးလွင်က သုံးသပ်ပြောကြားခဲ့သည်။
“သမ္မတတစ်ယောက်အနေနဲ့ တိုက်တွန်းတယ်ဆိုတဲ့စကားကို မသုံးသင့်ဘူးလို့မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆို ရင် သမ္မတဆိုတာ နိုင်ငံတစ်ခုမှာ အကြီးဆုံးဖြစ်တယ်။ ဆိုတော့ သူ့ရဲ့တိုက်တွန်းချက်က ဘာကိုသွားမြင်ရလည်း ဆိုတော့ နှစ်ပိုင်းရှိတယ်ပေါ့နော်။ တစ်ပိုင်းကတော့ သမ္မတဟာ သမ္မတရဲ့လုပ်ပိုင်ခွင့်ကို သူအပြည်အဝမရဘူးဆို တဲ့ သဘောကို ပြသရာရောက်သလို တစ်ဖက်မှာလည်း ဒီတိုက်တွန်းချက်အပေါ် မြေပြင်မှာလည်း အကောင်အထည် ဖော်ပေးဖို့လူတွေလည်း လိုတယ်ပေါ့နော်” ဟု မြိုမျိုးဆက်သစ်လူငယ်အဖွဲ့ ဒါရိုက်တာ ကိုအေးလွင်က ပြောသည်။
ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးခင်မောင်ကြီးကလည်း နိုင်ငံတော်သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့သည် အမှန်တကယ်သာ စေတနာအပြည့်အဝနှင့်ပြောခြင်းဆိုပါက အမြန်ဆုံးအကော်အထည်ဖော်စေလိုကြောင်းနှင့် ယခုလိုပြောဆိုနေကြခြင်းသည် ပေါ်လစီအပြောလောက်သာဖြစ် ကြောင်း ထောက်ပြခဲ့သည်။
“ရွေးကောက်ပွဲကနဲ့ပတ်သက်လို့ ကျွန်တော့အမြင်အရပြောရမယ်ဆိုရင် တမင်တကာချန်ထားရတာလို့ပြော ချင် ပါတယ်။ ကာကွယ်ရေးဦးစီးပြောတာရော နိုင်ငံတော်သမ္မတပြောရော ပြည်ထောင်စုနဲ့ပတ်သက်လို့ရှိရင် အပေါ်ယံ သာသာလောက်ပဲရှိသေးတယ်။ နှစ်ပေါင်း ၇၀ ကျော်အတွေ့အကြုံနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အတွေ့အကြုံနဲ့နှိုင်းယှဉ်ကြည့်ရင် ဘယ်ကိုမှ ကိုယ်စားမပြုတဲ့ ပေါ်လစီအပြောလောက်သာဖြစ်တယ်ဆိုတာ မြင်မိတယ်” ဟု ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးခင်မောင်ကြီးက ပြောဆိုလိုက်သည်။
၂၀၂၀ ရွေးကောက်ပွဲအား ရခိုင်ပြည်နယ်တွင် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်များနှင့် အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် စစ်တွေမြို့နယ်များမှ ရပ်ကွက် ၁၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၀ အုပ်စုတို့တွင် ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။