လာမည့် လွှတ်တော်သက်တမ်းအတွင်း တောင်သူများကို စိုက်ပျိုးရေးနည်းပညာနှင့် မျိုးကောင်းစပါးများ ထောက်ပံ့နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒသကြီး ကလေးမြို့နယ်မှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးဘွဲဟုတ်ထန်က ပြောသည်။
ဦးဘွဲဟုတ်ထန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ကိုယ်စားပြု၍ ကလေးမြို့နယ်တိုင်းဒေသကြီး လွှတ်တော် မဲန္ဒနယ် အမှတ်(၂)တွင်ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်က တောင်သူသားသမီးဆိုတော့ တောင်သူတွေရဲ့ လိုအပ်နေတဲ့ ရေပုံမှန်ရရှိနိုင်ရေး မြောင်း တွေ ကောင်းဖို့၊ နောက်ပြီး မျိုးကောင်းဆန်ပါးတွေ ရရှိနိုင်ဖို့ တောင်သူတွေနဲ့အတူ ကြိုးစားချင်တယ်။ စီးပွားရေးပိုင်းမှာ တောင်သူတွေ မပြေလည်တဲ့အပိုင်းက နည်းပညာပိုင်းလည်း လိုအပ်တယ်။ အဲဒီပိုင်းမှာ ကျွန်တော် တတ်စွမ်း သလောက် တောင်သူတွေနဲ့ လက်တွဲပြီးတော့ အတူတူအလုပ်လုပ်ချင်တယ်” ဟု ၎င်းကပြောသည်။
ထိုသို့ တောင်သူများကို ပံ့ပိုးခြင်းအပြင် ၎င်း၏မဲဆန္ဒနယ်ရှိ လူငယ်များ မိမိတို့တတ်သည့်ပညာဖြင့် အလုပ်လုပ် နိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဘွဲဟုတ်ထန်က ဆက်လက်ပြောသည်။
“လူငယ်တွေ အသိတရားရှိဖို့ ပညာရေးမှာ ဒီထက်မက တိုးတက်စေချင်တယ်။ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ သူက လည်း နိုင်ငံရေးအလျောက် အတိုင်းတာတစ်ခုထိ တတ်ပြီး လုပ်နိုင်ရမယ်။ အင်ဂျီနီယာဖြစ်ဖြစ် ၊ ဆေးပညာမှာဖြစ် ဖြစ် ကိုယ်တတ်တဲ့ ပညာနဲ့ လုပ်စားနိုင်ဖို့ အမြင်ဖွင့် ပေးစေချင်တယ်။ အဲဒီအတွက်လည်း အများကြီး လုပ်ချင် တယ်”ဟု ၎င်းကပြောသည်။
ထို့ပြင် ပါတီ၏မူဝါဒများဖြစ်သော ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးများကိုလည်း လစ် ဟင်းမှုမရှိစေရေး လုပ်ဆောင်သွားရန်ရည်မှန်းထားသည်ဟု ဆိုသည်။
ယခုနှစ်ရွေးကောက်ပွဲတွင် ကလေးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲန္ဒနယ် ၂ ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဘွဲဟုတ်ထန်၊ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးကမ်လမ်ခုပ်၊ ပြည်သူ့ပါတီမှ ဦးထန်ဆွင်မုန်၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးထန်ဇဘွဲ(ခ) ဦးစိုး အောင်၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးနွန်ဆန်းငါ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီမှ ဦးဗန်လာလ်မွန်၊ တိုင်းရင်း သားစည်းလုံးညီညွန်ရေး ပါတီမှ ဦးဘိုသန်းနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဦးမောင်မောင်နိုင်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဦးဘွဲဟုတ်ထန်က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဦးဘွဲဟုတ်ထန်သည် ၁၉၈၈ အရေးခင်းတုန်းတွင် အထက်တန်းကျောင်းသာတစ်ဦးအနေဖြင့်ပါဝင်ခဲ့ပြီး နောက်နိုင်ငံရေးနှင့်အဆက်ပြတ်နေရာမှ ၂၀၁၂ တွင် NLD ကပြုလုပ်သည့် ညီလာခံလုပ်တွင်ပါဝင်ဖြစ်ခဲ့ပြီးNLD ပါတီဝင်ဖြစ်သွားခဲ့ကာနိုင်ငံရေးထဲတစ်ကျော့ပြန်ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုအခါ NLD ၏ တောင်သူလယ်သမားလုပ်ငန်းကော်မတီတွင် အတွင်းရေးမှူးတာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။