မွန်တွင် သတ်မှတ်မဲရလဒ်မပြည့်မီသဖြင့် ရွေးကောက်ပွဲဝင် အာမခံကြေးဆုံးရှုံးမည့်ပါတီ ၁၃ ခုရှိ

မွန်တွင် သတ်မှတ်မဲရလဒ်မပြည့်မီသဖြင့် ရွေးကောက်ပွဲဝင် အာမခံကြေးဆုံးရှုံးမည့်ပါတီ ၁၃ ခုရှိ

မွန်ပြည်နယ် မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့်ပါတီ ၁၆ ခု၌ သတ်မှတ်မဲရလဒ်မပြည့်မီသဖြင့် ရွေးကောက်ပွဲဝင် အာမခံကြေး ဆုံးရှုံးမည့်ပါတီ ၁၃ ခုအထိရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ သိရသည်။

 

လက်ရှိ အာဏာရပါတီလည်းဖြစ်သလို ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအပ အာမခံကြေး တင်းပြည့်ကျပ်ပြည့် ပြန်လည်ထုတ်ယူခွင့်ရသည့်ပါတီ တစ်ခုမျှမရှိသည့် အနေအထားဖြစ်သည်။

ရွေးကောက်ပွဲအာမခံကြေးအား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ ဗမာပြည်သူ့ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ဆုံးရှုံးခဲ့ကြောင်းသိရသည်။

 

ရွေးကောက်ပွဲမဲရလဒ်မှာ ခိုင်လုံမဲ ရှစ်ပုံတစ်ပုံနှင့် အထက်မရရှိသူ ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း၊ ရွေးကောက်တင်မြှောက်မခံရသော်ငြား ခိုင်လုံမဲ ရှစ်ပုံတစ်ပုံရရှိပါက ပုံစံ (၆-ဃ) ဖြင့် ပြန်လည်ထုတ်ပေးရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲဥပဒေ အခန်း ၉ တွင် ရွေးကောက်ပွဲဝင်ခွင့်အာမခံငွေနှင့်ပတ်သက်၍ ဖော်ပြထားသည်။

 

မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က "တကယ်တမ်း စာရင်းချုပ်မယ်ဆိုလို့ရှိရင် အားလုံးပေါင်းက လွှတ်တော်ကိုယ်စားလှယ်က ၄၅ နေရာအတွက် အနိုင်ရသူ ၄၅ ဦး၊ ခိုင်လုံမဲ ရှစ်ပုံတစ်ပုံရသူက လွှတ်တော်အားလုံးအတွက် ၆၃ ဦး၊ ပေါင်း ၁၀၈ ဦးကတော့ အာမခံကြေး ပြန်ရမှာပေါ့။ ၁၄၉ ဦးကတော့ ဆုံးရှုံးမှာပေါ့"ဟု ပြောသည်။

 

ရွေးကောက်ပွဲတွင် မွန်ပြည်နယ် မဲဆန္ဒနယ် ၄၅ နေရာအတွက် ပါတီ ၁၆ ခုက ကိုယ်စားလှယ်လောင်း ၂၄၆ ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁၁ ဦး၊ ပေါင်း ၂၅၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်မပါ ၃၁ နေရာ၊ မွန်ညီညွတ်ရေးပါတီက ၁၁ နေရာ အသီးသီးအနိုင်ရရှိခဲ့သည်။

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့မှာ နေရာပြည့် ၄၅ နေရာစလုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမျှ ရွေးကောက်တင်မြှောက်မခံခဲ့ရဘဲ မဲရလဒ် အပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ပြည်ခိုင်ဖြိုးက ကိုယ်စားလှယ်လောင်း ၃၆ ဦးသည် ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ပြန်လည်ထုတ်ယူခွင့်ရမည်ဖြစ်သော်လည်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကမူ ဝင်ကြေးငွေအားလုံး ဆုံးရှုံးမည့်အနေအထား ကြုံခဲ့ရသည်။

 

ရွေးကောက်ခံကိုယ်စားလှယ် ၁၁ နေရာထိ အနိုင်ရရှိခဲ့သည့် မွန်ညီညွတ်ရေးပါတီသည်ပင်လျှင် ကိုယ်စားလှယ်လောင်း ၃၅ ဦးအနက် ၂၄ ဦးသာ အာမခံကြေးပြန်ရမည်ဖြစ်ပြီး ၁၁ ဦးဆုံးရှုံးခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...