ယခင်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် မဟာမိတ်များဖြစ်ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ဥက္ကဌ ဦးငိုင်ဆာခ့်က ဖွင့်ဟပြောကြားလိုက်သည်။
ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးနှင့်ပတ်သက်၍ ရွေးကောက်ပွဲအနိုင်ရ NLD အနေဖြင့် တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေသည့်အခြေအနေတွင် ချင်းပါတီက ယခုလို ဖွင့်ဟပြောကြားလာခဲ့ခြင်းဖြစ်သည်။
“ကျွန်တော့်အနေနဲ့ဆိုရင် CNLD စဖွဲ့တဲ့ ၁၉၈၈ ခုနှစ်ကတည်းက NLD နဲ့ မူရင်းမဟာမိတ်တွေဖြစ်တယ်” ဟု ဥက္ကဌ ဦးငိုင်ဆာခ့်က ပြောကြားသည်။
လက်ရှိတွင် NLD သည် တိုင်းရင်းသားပါတီများနှင့် ပူးပေါင်းဆောင်ရွက်ရန် “နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ဆိုသည့်ခေါင်းစဉ်ဖြင့် စာတစ်စောင်အား တိုင်းရင်းသားပါတီ ၄၈ ခုသို့ နိုဝင်ဘာ ၁၂ ရက်က ပေးပို့ထားပြီး ထိုပေးပို့သည့်စာထဲတွင် တိုင်းရင်းသားပါတီများ၏ ရည်မှန်း ချက် များသည် အဖွဲ့ချူပ်၏ ရည်မှန်းချက်များနှင့် တူညီကြသည်ဖြစ်ရာ အဖွဲ့ချူပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိူးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပါတီများအနေဖြင့်လည်း အဖွဲ့ချူပ်က ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ဖိတ်ခေါ်စာနှင့်ပတ်သက်၍ ကြိုဆိုသော်လည်း CNLD အနေဖြင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ် အခြေခံသော ပင်လုံကတိဝတ်များ၊ ပင်လုံစာချုပ်နှင့်အညီသာ ပူးပေါင်းဆောင်ရွက်မည်ဟု အကြောင်းပြန်ထားသည်ဟု ဆိုသည်။
ဦးငိုင်ဆာ့ခ်က “လောလောဆယ်တော့ စာပို့တယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့ အထူးသဖြင့် ပင်လုံကတိဝတ်နဲ့ ပင်လုံစာချုပ်နဲ့အညီ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ဟာမျိုး အဲဒီအပေါ်မှာအတူတကွ ပူးပေါင်းဆောင်ရွက်မယ်လို့ အကြောင်းပြန်ထားတဲ့ အဆင့်ဘဲရှိ သေးတယ်။ ပြီးတော့ NLD က ကော်မတီဖွဲ့တယ်ကြားတယ်။ သို့သော်လည်း CNLD ကို ဖိတ်ကြားတာ၊ တွေ့ဆုံတာတွေ လုပ်ဖို့အတိ အကျတစ်စုံတစ်ရာပြောတာမရှိသေးတော့ လောလောဆယ် အဲဒီအတွက်ကို ဆွေးနွေးဆုံးဖြတ်တာမျိုး မရှိသေးဘူး” ဟုပြောသည်။
လက်ရှိတွင် NLD အနေဖြင့် တိုင်းရင်းသားပါတီများနှင့် ဇန်နဝါရီလအစောပိုင်းတွင် တွေ့ဆုံရန်စီစဉ်ထားပြီး ယင်းသို့ တွေ့ဆုံဆွေးနွေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုမှ ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် အင်ထုံးခါးနော်ဆန်တို့ သုံးဦးကို ရွေးချယ်ထားကြောင်း သိရသည်။
“တိုင်းရင်းသားပေါ်မှာ ဖိတ်တာက အပြုသဘောလို့ မြင်ပါတယ်။ ကြိုဆိုပါတယ်။ ဘာလို့လည်းဆိုရင် နောက်ပြီး ဒီတစ်ခေါက် NLD ကကမ်းလှမ်းတဲ့ဟာက အရင်တုန်းကလိုတိတိကျ ကျဖက်ဒရယ်လုပ်မှာကို မပြောသေးဘူး။ အခုတိုင်းရင်းသားတွေညှိတဲ့အခါမှာ တိုင်းရင်းသားတွေရဲ့ သဘောထားကိုမေးပြီးတော့ တိုင်းရင်းသားတွေ ဘယ်လိုလိုချင်သလဲဆိုတဲ့အပေါ်မှာ လုပ်ဆောင်ဖို့သူတို့ဘက်က စီစဉ်နေတယ်လို့ဘဲ ရှု့မြင်တယ်။ လောလောဆယ်ကတော့ ဘာမှအတိအကျပြောလို့ မရသေးဘူး” ဟု ဦးငိုင်ဆာ့ခ်က ပြောသည်။
နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ မဲဆန္ဒနယ် ၃၉ နေရာရှိရာ CNLD က ၃၆ နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်နေရာသာ အနိုင်ရခဲ့သည်။