မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံ ရွေးကောက်ပွဲအသုံးစရိတ် ကျပ်သိန်း ၈၀ ကျော်ရှိကြောင်း သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ သိရသည်။
ဒေါက်တာအေးဇံသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဖြစ်ပြီး ယခုနှစ်ရွေးကောက်ပွဲတွင် သထုံခရိုင် ကျိုက်ထိုမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ ၌ ဝင်ရောက်ယှဉ်ပြိုင်၍ အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျပ်သိန်း ၈၀ ကျော်တွင် ဒေါက်တာအေးဇံ၏ ကိုယ်ပိုင်ငွေ ၂၅ သိန်းသာပါဝင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ပံ့ငွေ ခြောက်သိန်းကျော်၊ မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ပံ့ငွေ လေးသိန်းကျော်၊ ဝန်းရံသူများဖြစ်သော ရိုးရိုးလေးကုမ္ပဏီ ဥက္ကဌ ဦးနေထက်သိန်းနိုင်က ငွေကျပ် ၂၇ သိန်း၊ ကျိုက်ထိုမြို့မှ ဦးရဲထွန်း ဒေါ်နီနီဝင်းတို့က ငွေကျပ် ၁၀ သိန်း၊ PT Power ဆီဆိုင်မှ ငွေကျပ် ငါးသိန်း၊ ကျိုက်ထီးရိုးဈေးကော်မတီက ငွေကျပ် နှစ်သိန်းခွဲနှင့် ရတနာဟိန်းကျောက်ထုတ်လုပ်ရေးက ငွေကျပ် ခုနစ်သောင်းခွဲ ထောက်ပံ့ခဲ့ကြောင်း သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကြေညာချက်များအရ သိရသည်။
၎င်းအနေဖြင့် ထိုကုန်ကျစရိတ်စာရင်းတွင် ကိုယ်စားလှယ်ပုံပါ အောင်နိုင်ရေးအင်္ကျီအတွက် ကုန်ကျမှုများ၊ မဲရုံကိုယ်စားလှယ်ကိုပေးရသည့် အသုံးစရိတ်များ၊ ခရီးသွားလာစရိတ်များနှင့် အခြားမဲဆွယ် ကုန်ကျစရိတ်များကို ထည့်သွင်းထားခြင်းဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ် သထုံခရိုင် ကျိုက်ထိုမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင် ဒေါက်တာအေးဇံသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးကျော်ရွှေ၊ မွန်ညီညွတ်ရေးပါတီမှ ဒေါ်ဆွေဆွေအောင်၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးဇေယျာဦး၊ ပြည်ထောင်စုကောင်ကျိုးဆောင်ပါတီမှ ဦးဝင်းကြည် (ခ) ဦးမင်းကြည်တို့နှင့် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။