အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီ၏ နောင်အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေး ဖိတ်ခေါ်ချက်နှင့်ပတ်သက်၍ ပင်လုံစာချူပ်ကိုအခြေခံ၍ လက်တွဲပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ကပြောသည်။
“သူတို့က ဒီမိုကရေစီဖက်ဒရယ်တည်ဆောက်ရေးမှာ ပူးပေါင်းဆောင်ရွက်ကြလိမ့်မယ်လို့ မျှော်လင့်တယ်ဆိုပြီး သူတို့စာပို့ထားတယ်။ အဲဒီမှာ ကျွန်တော်တို့ကတော့ ကိုယ့်ရဲ့မူဝဒါဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး အဲဒါနဲ့ပတ်သက်လို့ရှိရင် ပင်လုံစာချုပ်ကို အခြေခံပြီးတော့အမျိုးသားတန်းတူမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ်မှာ အခြေခံပြီးတော့ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်တဲ့အကြောင်း စာပို့ထားပြီးပါပြီ” ဟု ၎င်းကပြောသည်။
NLD ပါတီအနေဖြင့် တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲကျင်းပပြီးနောက် လေးရက်မြောက်နေ့ဖြစ်သော နိုဝင်ဘာ ၁၂ ရက်တွင် “နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ဆိုသည့်ခေါင်းစဉ်ဖြင့် တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ခုထံသို့ စာပေးပို့ခဲ့သည်။
အဆိုပါပေးပို့သည့်စာထဲတွင် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချူပ်၏ ရည်မှန်းချက်များနှင့် တူညီကြသည်ဖြစ်ရာ အဖွဲ့ချူပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိူးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပါတီများအနေဖြင့်လည်း အဖွဲ့ချူပ်ကဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် မကြာသေးခင်ရက်ပိုင်းကလည်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအေရးနှင့်ပတ်သက်၍ တိုင်းရင်းသားပါတီများနှင့် ဦးဆောင်တွေ့ဆုံဆွေးနွေးကြမည့်သူများအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုမှ ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် အင်ထုံးခါးနော်ဆန်တို့ သုံးဦးကို ရွေးချယ်ထားပြီးဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဆလိုင်းကျဲအိုဘိခ်ထောင်က “သူတို့က စာပို့ရုံသက်သက် အပြောသက်သက်မဟုတ်ပဲ အစိုးရသစ်မှာ ဘယ်လိုပူးပေါင်းဆောင်ရွက်မလိုဆိုတာကို လက်တွေ့ညှိနှိုင်းဆောင်ရွက်ဖို့ကို ပြင်ဆင်တဲ့အတွက်ကြောင့် အပြုသဘောဆောင်တယ်။ အဆင့်တစ်ဆင့်တက်သွားတယ်လို့ယူဆတယ်ပေါ့လေ၊ ကျွနတော်တို့ဘက်ကလည်း တွေ့ဆုံဖို့က အဆင်သင့်ဖြစ်ပါတယ်" ဟု ပြောသည်။
ချင်းနိုင်ငံရေးပါတီ သုံးပါတီဖြင့် စုပေါင်းဖွဲ့စည်းထားသည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အပါအဝင် ချင်းပြည်နယ်တွင် စုစုပေါင်း မဲဆန္ဒနယ် ၅၇ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တစ်နေရာသာအနိုင်ရရှိခဲ့သည်။