ရခိုင်တွင် တိုက်ပွဲများခေတ္တရပ်ထားရုံဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ဟု NLD ပြော

ရခိုင်တွင် တိုက်ပွဲများခေတ္တရပ်ထားရုံဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ဟု NLD ပြော
by -
မင်းထွန်း (DMG)

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများခေတ္တရပ်ထားရုံဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

NLD အနေဖြင့် ရွေးကောက်ပွဲများ အမြန်ဆုံးပြန်လည်ကျင်းပရေးကို လိုလားသော်လည်း တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီသာ ကျင်းပရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“လွတ်လပ်ပြီး တရားမျှတမှုဟာ ရွေးကောက်ပွဲရဲ့ အသက်ဖြစ်ပါတယ်။ အဲတော့ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှုကို အာမခံနိုင်ဖို့လိုတယ်။ တိုက်ပွဲတွေ ခေတ္တရပ်ထားရုံမျှနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘူး” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့၏ တိုက်ပွဲများသည် ၂၀၁၈ ခုနှစ်ဒီဇင်ဘာလအတွင်းမှ စတင်ကာ နှစ်နှစ်နီးပါးအကြာထိ ပြင်းထန်စွာဖြစ်ပွားခဲ့သော်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလိုတွင် ရပ်နားသွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရွေးကောက်ပွဲမကျင်းပဖြစ်သည့် နေရာများတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပရန် AA က တိုက်တွန်းခဲ့ပြီး တပ်မတော်ကလည်း အဆိုပါတိုက်တွန်းချက်အပေါ် လက်ခံကြိုဆိုခဲ့သည်။

ယခုအခါ တပ်မတော်နှင့် AA တို့ တိုက်ပွဲများမဖြစ်ပွားသည်မှာ တစ်လကျော်ရှိလာပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပရေးအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

“အဓိကတော့ တိုက်ပွဲမရှိရင် ရွေးကောက်ပွဲက ကျင်းပလို့ရတယ်။ တပ်မတော်နဲ့ AA ကလည်း ရွေးကောက်ပွဲကျင်းပဖို့အတွက် တောင်းဆိုမှုတွေအပေါ် ထောက်ခံမှုတွေရှိတယ်။ အဲလိုဆိုရင် အဖြေက ရှင်းနေတယ်။ လုံခြုံရေးကြောင့် ရွေးကောက်ပွဲမကျင်းပဘူးဆိုရင် အခု လုံခြံုရေးကောင်းနေတယ်လို့ပြောလို့ရတယ်။ အခုချိန်ထိ တိုက်ပွဲမဖြစ်ဘူး။ နှစ်ဖက် သဘောတူညီမှုအပေါ်မှာပဲ ကတိစောင့်ပြီးနေကြတယ်။ ဆိုတော့ ရွေးကောက်ပွဲ ကော်မရှင် (UEC) အနေနဲ့သာ ကျင်းပချင်တဲ့စိတ်ရှိမယ်ဆိုရင် ကျင်းပလို့ရတယ်” ဟု ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးခိုင်ကောင်းစံက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲကို ရခိုင်တွင် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့ တောင်၊ ဘူးသီးတောင်၊ မောင်တော၊ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်များနှင့် အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် စစ်တွေမြို့နယ်များမှ ရပ်ကွက် ၁၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၀ အုပ်စုတို့တွင် ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ရွေးကောက်ပွဲမကျင်းနိုင်သည့် မြို့နယ်များကို သတ်မှတ်ကြေညာရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ထံနှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့မှ သဘောထားမှတ်ချက်များကိုရယူပြီး ဆုံးဖြတ်ကြေငြာခြင်းဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ပြောကြားထားသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် အစိုးရ၏ သဘောထားမှတ်ချက်သည် အရေးကြီးကြောင်း ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဖေသန်းက ပြောသည်။

“အခုက အစိုးရရဲ့ သဘောထားမှတ်ချက်က အရေးကြီးနေတယ်။ ပြီးခဲ့တဲ့ရက်ကလည်း သမ္မတဦးဝင်းမြင့်က (ရွေးကောက်ပွဲ) လုပ်ဖို့တိုက်တွန်းတယ်။အမှန်က ကော်မရှင်(UEC) ကို သဘောထား မှတ်ချက်ပေးရမှာဖြစ်တယ်။ ရွေးကောက်ပွဲလုပ်ဖို့ အစိုးရက သဘောတူတယ်ဆိုတာကို သဘောထားမှတ်ချက် ပေးလိုက်ရင် ကော်မရှင်က လုပ်မှာဖြစ်တယ်” ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲကျင်းပခွင့်မရရှိခဲ့သည့် ရခိုင်ကမြို့နယ်တချို့အတွက် အထူးပင် စိတ်မကောင်းဖြစ်ရကြောင်းနှင့် အထွေထွေရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန် လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် ၄၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင်ပေးပို့သည့် သဝဏ်လွှာ၌ နိုင်ငံတော်သမ္မတက မေတ္တာရပ်ခံထားသည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပေးပို့သည့် သဝဏ်လွှာတွင်လည်း ရွေးကောက်ပွဲမကျင်းပခဲ့ရ သည့် ရခိုင်ဒေသတချို့တွင် ဒီဇင်ဘာ ၃၁ မတိုင်မီ ပြန်လည်ကျင်းပပေးရန် AA ၏ တောင်းဆိုချက်ကို တပ်မတော်မှ ကြိုဆိုကြောင်းနှင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော်လည်း ရခိုင်က ရွေးကောက်ပွဲမကျင်းပခဲ့ရသည့်ဒေသများတွင် ကျေးရွာအုပ်ချုပ်ရေးမှူများ နှုတ်ထွက်ခြင်း၊ ရပ်ကျေးကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်ခြင်းမရှိသေးခြင်းအပါအဝင် မဲလာပေးမည့် ပြည်သူများနှင့် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးမည့် အခွင့်အရေးရရှိရေး စသည့်အချက်များကို ပြည်စုံအောင်လုပ်ဆောင်ရမည်မှာ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးတွင် တာဝန်ရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

“ဒါဟာ အစိုးရတစ်ဖွဲ့တည်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တစ်ဖွဲ့တည်းလုပ်လို့ရတာမဟုတ်ပါဘူး။ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့အတူ သက်ဆိုင်ရာဌာနအသီးသီးနဲ့ ပြည်သူတွေအားလုံး၊ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး ပါဝင်ဆောင်ရွက်မှဖြစ်နိုင်မယ်ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် အားလုံး ပူးပေါင်းပါဝင်ကြပါလို့ သမ္မတကြီးက သူ့ရဲ့သဝဏ်လွှာမှာ ဖော်ပြထားတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

တစ်ဖက်တွင် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပခဲ့ရသည့် မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ ဆုံးဖြတ်ပါက အသင့်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ) မှ တာဝန်ရှိသူများက ပြောကြားထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...