NLD အနေဖြင့် တိုင်းရင်းသားပါတီများကို တွေ့ဆုံဆွေးနွေးရန်ကမ်းလှမ်းပါက အပြုသဘောဖြင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ကချင်အခြေစိုက်တိုင်းရင်းသားပါတီများက ပြောသည်။
“တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုတာကိုတော့ ကြားတော့ကြားနေရတယ်။ ဒါပေမယ့် ခုချိန်ထိတော့ တရားဝင်တစ်စုံတစ်ရာဘာမှပြောလာတာမရှိသေးဘူး။ ကမ်းလှမ်းလာခဲ့ရင်တော့ အပြုသဘော တွေ့ဆုံသွားမှာပါ။ ဒါပေမယ့် သူတို့ဘက်က ဘယ်လိုဘယ်ပုံစံလာမလဲဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့် ရမှာဖြစ်တယ်။အပြောသက်သက်မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်လာကြလိမ့်မယ်လို့လည်း မျှော်လင့်တယ်”ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးကွမ်ဂရောင်အောင်ခမ်းက ပြောသည်။
တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် အမြန်ဆုံတွေ့ဆုံဆွေးနွေးရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲပြီး နောက်တစ်လကျော်အကြာ ဒီဇင်ဘာ ၁၂ ရက်တွင်ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ဒေါက်တာမျိုးညွန့်ကပြောကြားခဲ့သည်။
ယင်းသို့ တိုင်းရင်းသားများနှင့်ဆွေးနွေးရန် NLD အနေဖြင့် ယင်းဗဟိုအလုပ်အမှုဆောင်အစည်းအဝေး၌ပင် အဖွဲ့ ဖွဲ့ခဲ့ပြီး အဖွဲ့ခေါင်းဆောင်များအဖြစ် ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံခါးနော်ဆမ်တို့ ကိုတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
ယခုဖွဲ့စည်းလိုက်သည့် တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံဆွေးနွေးမည့် အဖွဲ့အနေဖြင့် အစိုးရဖွဲ့နိုင်ရေးထက် အနာဂတ်ပြည်ထောင်စုသစ် တည်ဆောက်ရေး ပုံသဏ္ဍန်အား ဘုံသဘောထားရယူရန် ဆွေးနွေးသွားမည်ဖြစ်ဟု ဒေါက်တာမျိုးညွန့်က ပြောကြားခဲ့သည်။
“အဲတာကတော့ သူတို့နဲ့တွေ့တဲ့ခါကျွန်တော်တို့ပါတီကတော့ နိုင်ငံရေးပါတီဖြစ်တဲ့အတွက် နိုင်ငံရေးလမ်းကြောင်းပေါ်ကလာတာကိုတော့ တွေ့ဆုံဆွေးနွေးသွားမှာဘဲ။သူတို့ရဲ့ဆွေးနွေးမူက ဘယ်အခြေနေ ဘယ်ပုံစံနဲ့ ဆွေးနွေးလာမလဲဆိုတာကိုတော့ အပြုသဘောနဲ့တွေ့ဆုံဆွေးနွေးသွားမှာပါ။ ဆွေးနွေးဖြစ်ရင်တော့ ကျနော်တို့ ဘက်ကတော့ အဓိတော့ တိုင်းရင်းသားတန်းတူရေးထားပြီးတော့ ဖက်ဒရယ်ကိုအဓိကထားဆွေးနွေးထားဖို့ စဉ်းစားထားတယ်”ဟု လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဌ ဦးရွှေမင်းကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် မမှိတ်မသုန်ကြိုးပမ်းသွားရန်နှင့် နောင်အနာဂတ် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများအား အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီ ၄၈ ခုထံ နိုဝင်ဘာ ၁၂ ရက်က စာပေးပို့ခဲ့သည်။
“တွေ့ဆုံဆွေးနွေးဖို့ပြောလာရင်တော့ သူတို့ရဲ့အာဘော်ကို အရင်နားထောင်ကြည့်ရတာပေါ့။ တွေ့ဆုံဖို့ဆွေး နွေးလာရင်တော့ အပြုသဘောနဲ့တွေ့ဆုံဖို့ရှိပါတယ်။ ဟိုတစ်လောကလည်း စာပေးပို့ခဲ့တာ ရှိတယ်။ အဲဒါတော့ ဒီမိုဖက်ဒရယ်ပြည်ထောင်စုဆိုပြီးပြောတယ် အဲမှာတော့ ကျွန်တော်တို့ကတော့ ဖက်ဒရယ်ကိုအရင်ဦးစား ပေးချင် တယ်။ ခုလည်းဆွေးနွေးဖို့မှာ သူတို့ဘက်က ဘယ်လိုပုံစံလာမလဲဆိုတာကိုဘဲ ကြည့်ရမယ်” ဟု ဒီမိုကရေစီသစ် (ကချင်) မှ ဥက္ကဌ ဦးတိန့်ဆောင်ကပြောသည်။
NLD ပါတီအနေဖြင့် ၂၀၂ဝ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁၁၁၇ ရှိသည့်အနက် နေရာပေါင်း ၉၂၀ တွင် အနိုင်ရရှိခဲ့သည့်အတွက် အစိုးရဖွဲ့ခွင့်ထပ်မံရရှိခဲ့သည်။