ချင်းပြည်နယ်တွင် ယခုနှစ်ထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအာလုံး ရွေးကောက်ပွဲကုန်ကျစရိတ်များ အချိန်မီတင်ပြနိုင်ခဲ့ကြောင်း သိရသည်။
လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် မတူပီခရိုင်၊ ပလက်ဝမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ချိူ့သည် အသုံးစရိတ်တင်သွင်းရန်အခက်အခဲဖြစ်နေခဲ့သော်လည်း Viber မှတဆင့် ပေးပို့လာသည့်အတွက် ယခုအခါ ရွေးကောက်ပွဲအသုံးစရိတ်တင်သွင်းရန် ကျန်ရှိနေသေးသည့် ကိုယ်စားလှယ်လောင်းမရှိတော့ကြောင်း မတူပီခရိုင် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးမင်းအောင်ရှိန်ကပြောသည်။
“အားလုံးတင်ပြပြီးသွားပါပြီ။ ပျက်ကွက်သူမရှိပါဘူး။ ပလက်ဝဘက်ကတော့ Viber ကနေပို့လာတယ်။ စာတော့မရောက်သေးဘူး Viber ကနေ ကျွန်တော်ကနေပြီးတော့ လက်ခံပြီးတော့ စာရင်းစစ်လိုက်တာပေါ့။ သူ့မူရင်း ကတော့မရောက်သေးဘူး Viber ကနေဓာတ်ပုံရိုက်ပြီးတော့ ပို့လာပေးတယ်။ ဒါကိုကျွန်တော်တို့ Print ထုတ်လိုက်ပြီးတော့ စာရင်းစစ်လိုက်တာပေါ့။ အဲလိုလက်ခံပေးလိုက်တယ်။ အဆင်ပြေသွားတယ်" ဟု ဦးမင်းအောင်ရှိန်က ပြောသည်။
နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ တစ်သီးပုဂ္ဂလ အပါအဝင်နိုင်ငံရေးပါတီ ၁၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၇၁ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲကာလအတွင်း သိန်း ၁၀၀ အထိ အသုံးပြုခွင့်ပေးထားပြီး ထိုအသုံးစရိတ်များကို ရွေးကောက်ခံကိုယ်စားလှယ် ကြေညာသည့်နေ့ မှစ၍ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်များထံ တင်သွင်းရမည်ဖြစ်သည်။
ရွေးကောက်ပွဲကုန်ကျစရိတ်များကို တင်သွင်းခြင်းမရှိပါက သက်ဆိုင်ရာရွေးကောက်ပွဲနည်း ဥပဒေ (၈၄) အရ အရည်အချင်းပျက်ယွင်းသူအဖြစ်ကြေညာရမည်ဖြစ်သည်။