ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် ရခိုင်ပြည်နယ်၏ဒေသများတွင် ရွေးကောက်ပွဲအမြန်ဆုံးကျင်းပနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများ အမြန်ဆုံးကူညီဆောင်ရွက်ရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့် မေတ္တာရပ်ခံ

ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် ရခိုင်ပြည်နယ်၏ဒေသများတွင် ရွေးကောက်ပွဲအမြန်ဆုံးကျင်းပနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများ အမြန်ဆုံးကူညီဆောင်ရွက်ရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့် မေတ္တာရပ်ခံ

ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်းမရှိသည့် ရခိုင်ပြည်နယ်၏ဒေသများတွင် ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က မေတ္တာရပ်ခံတောင်းဆိုလိုက်သည်။

ဒီဇင်ဘာ ၁၅ ရက် (ယနေ့) တွင် ကျရောက်သည့် ၄၆ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သမ္မတ၏သဝဏ်လွှာထဲတွင် အဆိုပါ အချက်ကို ထည့်သွင်းတောင်းဆိုထားခြင်းဖြစ်သည်။

“ယင်းနယ်မြေဒေသများ တည်ငြိမ်အေးချမ်းပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ အမြန်ဆုံးကျင်းပနိုင်သည့် အခြေအနေရောက်ရှိအောင် သက်ဆိုင်သည့် ပုဂ္ဂိုလ်များ အဖွဲ့အ စည်းများ အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လည်း အထူးမေတ္တာ ရပ်ခံအပ်ပါသည်” ဟု သမ္မတဦးဝင်းမြင့်၏ သဝဏ်လွှာထဲတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင် ပြည်နယ်ရှိ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး စသည့် မြို့နယ်ကိုးခုအပြင် ကျန်မြို့နယ်များ၏ နေရာဒေသအချို့တွင်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်းမရှိပေ။

အဆိုပါနေရာများတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်းမရှိသည့်အပေါ် သမ္မတဦးဝင်းမြင့်၏ သဝဏ်လွှာထဲတွင် “လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်သည့် လုံခြုံရေးအခြေအနေမရှိသဖြင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းခဲ့ရသော ရခိုင်ပြည်နယ်ရှိ နယ်မြေဒေသများ ယင်းနယ်မြေဒေသများရှိ ပြည်သူများအလုံးအတွက်လည်း အထူးပင် စိတ်မကောင်းဖြစ်ရပါသည်” ဟု ရေးသားထားသည်။

ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၄၆ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပြီး အဆိုပါ သဝဏ်လွှာထဲတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလအတွင်း ရွေကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ နယ်မြေတချို့တွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက် မတိုင်မီ ရွေးကောက်ပွဲ ကျင်းပစေလိုသည့် ULA/AA အဖွဲ့ရဲ့ ကြေညာချက်အပေါ် မိမိတို့တပ်မတော်အနေဖြင့် ကြိုဆိုပါကြောင်းနှင့် လိုအပ်သည့်ဆောင်ရွက်မှုများကိုလည်း ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်ဟု ထည့်သွင်းပြောဆိုထားသည်။

တပ်ချုပ်၏ သဝဏ်လွှာထဲ၌ ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA ကို အကြမ်းဖက်အဖွဲ့အစည်းဟု သုံးနှုန်းထားခြင်းမရှိပဲ ULA/AA ဟု သုံးနှုန်းထားသည်ကို တွေ့ရသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တစ်ခုလုံး မဲပေးခွင့်ရှိသူ စုစုပေါင်း ၁၆၄၉၇၅၃ ဦး ရှိသည့်အနက် နေရာအများအပြားတွင် ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းကြောင့် မဲဆန္ဒရှင် ၄၄၈၈၅၂ ဦးသာ မဲပေးခွင့်ရရှိခဲ့ပြီး ၁၂၀၀၉၀၁ ဦးမှာ မဲပေးခွင့်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...