ရွေးကောက်ပွဲကုန်ကျစရိတ် တင်ပြခြင်းမရှိသည့် ဗန်းမော်ခရိုင်မှ ကိုယ်စားလှယ်လောင်းနှစ်ဦးကို အမည်ပျက်စာရင်းသွင်းရန် တင်ပြထားဟု ခရိုင်ရွေးကော်ပြော

ရွေးကောက်ပွဲကုန်ကျစရိတ် တင်ပြခြင်းမရှိသည့် ဗန်းမော်ခရိုင်မှ ကိုယ်စားလှယ်လောင်းနှစ်ဦးကို အမည်ပျက်စာရင်းသွင်းရန် တင်ပြထားဟု ခရိုင်ရွေးကော်ပြော
by -
ခေါင်ညွယ် (KNG)

ဗန်းမော်ခရိုင်တွင် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း မတင်နိုင်သည့် ကိုယ်စားလှယ်လောင်း နှစ်ဦးရှိပြီး ၎င်းတို့ကို အမည်ပျက်စာရင်းသွင်းရန် ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားကြောင်း အဆိုပါ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ယင်းကိုယ်စားလှယ်လောင်းနှစ်ဦးသည် ကချင်ပြည်နယ်ပြည်သူ့ပါတီမှ (KSPP) ပါတီမှ မန်စီမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၁ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ဦးဒွဲလာနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ မိုးမောက်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁ တွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ဦးဇော်ထွန်းတို့ဖြစ်ကြောင်း ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲအရာရှိ ဦးကျော်သိန်းက ပြောသည်။

“ကျန်နေတဲ့နှစ်ဦးက ကျွန်တော်တို့အနေနဲ့လည်း တတ်နိုင်သလောက် ဆက်သွယ်ပြီးပြီ။ ဘယ်လိုမှ ဆက်သွယ်လို ့မရဘူး။ သူတို့အနေနဲ့လည်း ဆက်သွယ်လာတာမျိုးလည်း မရှိတော့ ကျန်သွားတယ်။ အဲတော့ ကျွန်တော်တို့က ဒီနှစ်ယောက်ကိုတော့ အရည်အချင်းပျက်ယွင်းသူအဖြစ် ထည့်သွင်းကြေညာဖို့ ပြည်နယ်ကော်မရှင် စာထည့်လိုက်ပြီ” အရာရှိ ဦးကျော်သိန်းက ပြောသည်။

ဗန်းမော်ခရိုင်အနေဖြင့် ရွေးကောက်ပွဲအသုံးစရိတ်တင်ရန် နောက်ဆုံးရက်အား ဒီဇင်ဘာလ ၁၂ ရက်အထိ သတ်မှတ်ခဲ့ပြီး ကိုယ်စားလှယ်လောင်းများအနေဖြင့် စာရင်းများကို အချိန်မီတင်နိုင်ရေး ဆက်သွယ်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဗန်းမော်ခရိုင်၌ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ် လောင်း ၁၂၃ ဦးတွင် ရွေးကောက်ပွဲကုန်ကျစရိတ်မတင်သွင်းသူ ၃၇ ဦးရှိခဲ့ကြောင်း သိရသည်။

"ဒီ ၂၀၂ဝ ရွေးကောက်ပွဲမှာတော့ ၂၀၁၅ ရွေးကောက်ပွဲနဲ့နှိုင်းယှဉ်လိုက်ရင်တော့ ရွေးကောက်ပွဲအသုံးစရိတ် မတင်နိုင်တဲ့သူက နည်းသွားတယ်လို့ပြောလို့ရပါတယ်။ အားလုံးလွှမ်းခြုံသလောက်ရှိတယ်။ အဲလိုဖြစ်အောင်လည်း ကျွန်တော်တို့ဘက်က စာလည်းထုတ်ပေးခဲ့တယ်။ ဖုန်းနဲ့လည်း ဆက်သွယ်ပြီးအကြောင်းကြားတာမျိုး သတိပေးနေတာမျိုးလည်း လုပ်တဲ့ချိန်ကျတော့ စာရင်းတင်တာ ၉၅ ရာခိုင်နူန်းလောက် ဖြစ်လာတယ်” ဟု ရွေးကောက်ပွဲအရာရှိ ဦးကျော်သိန်းက ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲအသုံးစရိတ်လာရောက်တင်သူများသည် သတ်မှတ်ထားသည့် ငွေပမာဏကျော်လွန်တင်ပြသူမရှိကြောင်း သိရသည်။

ဗန်းမော်ခရိုငတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်သီးပုဂ္ဂလ နှစ်ဦးအပါအဝင် ၁၁၃ ဦးရှိပြီး ၎င်းတို့သည် ပြည်သူ့လွှတ်တော်နေရာတွင် ၃၀ ဦး၊ အမျိုးသားလွှတ်တော်နေရာတွင် ၂၃ ဦးနှင့် ပြည်နယ်လွှတ်တော်နေရာတွင် ၆၀ ဦးတို့ ဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...