ယခုနှစ် ရွေးကောက်ပွဲအရှုံးကို သင်ခန်းစာယူ၍ လာမည့်ရွေးကောက်ပွဲများအတွက် ပါတီကို ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်မည်ဖြစ်ကြောင်း ကမန်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောသည်။
“ကျွန်တာ်တို့က နိုင်ငံရေးပါတီတစ်ခုဖြစ်တယ်အတွက် ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးအကျိုးအတွက် ၂၀၂၅ မှာလည်း ကျွန်တော်တို့ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်။ ၂၀၁၀ ကတည်းက စထူထောင်ထားတဲ့ ပါတီဖြစ်တဲ့အတွက် နိုင်ငံရေးအရ အတွေ့အကြုံရှိပါတယ်။ ဒါကြောင့် ပါတီကအစ ပြုပြင်ပြောင်းလဲတည်ဆောက်သွားမယ်။ အားနည်းချက်ရှိတဲ့အပိုင်းတွေကိုလည်း အားသာချက်ဖြစ်အောင် အကောင်းဆုံးကြိုးစား ဆောင်ရွက်သွားဖို့အပိုင်းတွေလည်း ရှိတယ်” ဟု ၎င်းကပြောသည်။
ထိုသို့ ပါတီအား ပြုပြင်ပြောင်းလဲမှုလုပ်ရာတွင် ယခုနှစ်ရွေးကောက်ပွဲအရှုံးကို သင်ခန်းစာယူ၍ လုပ်ဆောင်သွားမည်ဖြစ်ပြီး ၂၀၂၅ ရွေးကောက်ပွဲအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
“ရှုံးနိမ့်ရတဲ့ အကြောင်းအရင်းကတော့ နံပါတ် ၁ အားနည်းချက်ကတော့ လူနည်းစုဖြစ်တယ်။ နောက်တစ်ခုက ကိုဗစ်ကာလဖြစ်တဲ့အတွက် ကျွန်တော်ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တဲ့ သံတွဲမြို့ကို ကျွန်တော် မသွားနိုင်ခဲ့ဘူး။ အဲအချိန်တုန်းက ကျွန်တော်က ရန်ကုန်မှာဖြစ်နေတယ်။ ကိုဗစ်ကြောင့် မဲဆွယ်စည်းရုံးရေးတွေကိုလည်း ထိထိမိမိမလုပ်နိုင်ခဲ့ဘူး။ နောက်တစ်ခုက ကိုယ်စားလှယ်လောင်းတွေ မလာတော့ဘူးဆိုပြီး အသံများ လွှမ်းမိုးသွားတယ်တဲ့ အဲလိုဖြစ်သွားတာပါ။ အဲဒါကြောင့် ရှုံးနိမ့်ရတာဖြစ်တယ်” ဟု ဦးတင်လှိုင်ဝင်းက ပြောသည်။
ကမန်အမျိုးသားများတိုးတက်ရေးပါတီအနေဖြင့် ယခုနှစ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးတွင် သုံးနေရာ၊ ရခိုင်ပြည်နယ်တွင် နှစ်နေရာ စုစုပေါင်း ငါးနေရာဝင်ပြိုင်ခဲ့ပြီး တစ်နေရာမှ အနိုင်မရရှိခဲ့ကြောင်း သိရသည်။
၎င်းတို့အနေဖြင့် လွှတ်တော်ထဲတွင် နေရာမရရှိသော်လည်း လွှတ်တော်ပြင်ပတွင် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရဆီသို့ တင်ပြတောင်းဆိုသွားမည်ဟုဆိုသည်။
“ကျွန်တော်တို့က လွှတ်တော်ပြင်ပက ခရီးဆက်မယ်။ လွှတ်တော်ထဲကို ရောက်ခွင့်မရတဲ့အတွက်ကြောင့် လွှတ်တော်ပြင်ပက ခရီးဆက်တဲ့အခါမှာလည်း ရွေးကောက်ပွဲကာလတုန်းက ကြေညာထားတဲ့အတိုင်းပဲ ရခိုင်ပြည်နယ်သည် ကျွန်တော်တို့ပြည်နယ်ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ဒေသအကျိုးစီးပွား၊ ကိုယ့်ဒေသမှာရှိတဲ့ မတူကွဲပြားတဲ့ လူမျိုးစုတွေကြားမှာ သယဇာတဖြစ်အောင်လုပ်မယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ရခိုင်အပါအဝင် မျိုးနွယ်စုအားလုံးရဲ့ အရေးအရာများ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစစအရာရာမှာ ကျွန်တော်တို့ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို လွှတ်တော်ပြင်ပ နိုင်ငံရေးကနေပြီးတော့ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေကို တင်ပြတောင်းဆိုသွားမယ်” ဟု ၎င်းကပြောသည်။
ကမန်အမျိုးသားတိုးတက်ရေးပါတီသည် မူဝါဒငါးရပ်ကို ချမှတ်ထားပြီး ၎င်းပါတီ၏မူဝါဒထဲတွင် ၁၉၈၈ နောက်ပိုင်း တပ်မတော်အစိုးရလက်ထက်နှင့် ပြည်ခိုင်ဖြိုးပါတီ၏ ကြွေးကြော်သံများဖြစ်သော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုသည့်မူများ ပါဝင်နေခြင်းမှာ ထူးခြားလျက်ရှိသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဖြစ်သော ကမန်လူမျိုးများဖြင့်ဖွဲ့စည်းထားသည့် အမျိုးသားတိုးတက်ရေးပါတီကို ၂၀၁၀ ခုနှစ် ဇူလိုင် ၅ ရက်တွင် ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ပါတီရုံးချုပ်အား ရန်ကုန်မြို့တွင် အခြေစိုက်ခဲ့ကာ ကမန်လူမျိုးများကိုကိုယ်စားပြုသည့် တစ်ခုထဲသောပါတီအနေဖြင့် ရပ်တည်နေခြင်းဖြစ်ကြောင်းနှင့် ရွေးကောက်များတွင် ရုံးကန်ရလေ့ရှိသည့် ပါတီတစ်ခုဖြစ်ကြောင်း သိရသည်။