ဒီဇင်ဘာလ ၁ ရက်နေ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC နှင့် တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ မြစ်ကြီးနားတွင်တွေ့ဆုံမှုသည် ကချင်စစ်ရှောင်များ နေရပ်ပြန်ရေးအတွက် အမြတ်ဖြစ်မည်ဟု သုံးသပ်မိကြောင်း Rev. Dr. Hkalam Samson က ပြောသည်။
တွေ့ဆုံမှုတွင်ပြောဆိုခဲ့သော မြစ်ဆုံရေကာတာစီမံကိန်းအကြောင်း၊ ကိုဗစ်ကာကွယ်ရေးနှင့် ငြိမ်းချမ်းရေးအကြောင်းအရာများနှင့်ပတ်သက်ပြီး KBC ဥက္ကဌ Rev.Dr.Hkalam Samson က ကချင်သတင်းဌာန KNG က မေးမြန်းထားပါသည်။
မေး – တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် နှင့် KBC တွေ့ဆုံဖြစ်တဲ့အကြောင်း ပြောပြပါ။
ဖြေ – ဟုတ်တယ်။ မနေ့ (ဒီဇင်ဘာ ၁ရက်နေ့) ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က မြစ်ကြီးနားရောက်နေတဲ့ချိန် ကျွန်တော်တို့ KBC က အရေးကြီးတဲ့သူတွေနှင့် တွေ့ဆုံလိုကြောင်းပြောကြားတဲ့အတွက် ကျွန်တော်တို့ KBC ဘက်က ၆ ဦး နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချူပ် မလိခရိပ်သာမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မေး – ဒီဆွေးနွေးပွဲမှာ အဓိက ဘာတွေပြောဖြစ်ခဲ့ကြလဲ။
ဖြေ – ဆွေးနွေးပွဲမှာ အဓိကအနေဖြင့် ဒီတစ်ခါကျင်းပတဲ့ရွေးကောက်ပွဲက ပြဿနာများတဲ့အကြောင်း သူ့ဘက်ကပြောတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲတွေကို ယှဉ်လိုက်ရင် ၂၀၂၀ ရွေးကောက်ပွဲက ပြဿနာအရမ်းများခဲ့တယ်။ စည်းလုံးရေး ဆင်းတဲ့ချိန်မှာလည်း Covid-19 ကြောင့် တားဆီးမှုတွေများခဲ့ကြောင်းသူ့ဘက်က ပြောတယ်။ အခု ရခိုင်ပြည်နယ်မှာဆို ၉ မြို့နယ်တောင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့အတွက် သူ့အနေနဲ့ စိတ်မကောင်းကြောင်းနဲ့ ဒါကိုရအောင်ပြန်ကျင်းပဖို့အတွက် ဂျပန်အစိုးရ နိပွန်ဖောင်ဒေးရှင်းဆာဆာဂါဝါရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ရအောင်ဆောင်ရွက်သွားမယ်ဆိုပြီး ပြောပြပါတယ်။ ပြီးရင် ဒုတိယအချက်အနေဖြင့် Covid-19 ကြောင့်ခက်ခဲနေတဲ့အခြေအနေတွေကို ဘယ်လိုကျော်ဖြတ်ကြမှာလဲဆိုတဲ့အကြောင်းနှင့် တတိယအချက်က ငြိမ်းချမ်းရေးအကြောင်းတွေ ဖြစ်ပါတယ်။
မေး – ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး အဓိကဘာတွေဆွေးနွေးဖြစ်ခဲ့တာလဲ။
ဖြေ – ဒီတစ်ခါထူးခြားတာက သူအမြဲပြောနေတဲ့ တပ်မတော်မူ (၆) ချက်အကြောင်း မပြောတာကို သတိထားမိတယ်။ ဒီထဲမှာ NCA ဆိုတဲ့အချက်ကလည်း လိုင်ဇာ ကနေစဖြစ်လာတယ်။ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လိုင်ဇာ ညီလာခံ သွားကျင်းပဖို့အတွက် သူကိုယ်တိုင် လက်ခံသဘောတူခဲ့တယ်ဆိုတဲ့အကြောင်း ပြောတယ်။ ဒါပေမယ့် တကယ်တမ်း NCA လက်မှတ်ထိုးလာတဲ့ချိန် KIA က မပါလာတာကို သူစိတ်မကောင်းကြောင်း ပြောတယ်။ ပြီးတော့ တစ်ဖက်သတ် အပစ်ရပ်ဆဲရေးလုပ်တာလည်း ဘယ်နိုင်ငံမှ မရှိဘူးလို့ ပြောတယ်။ ဒီမှာ လုပ်တာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေး အမြန်ပြန်လည်တည်ဆောက်ဖို့ မျှော်လင့်တဲ့အကြောင်း သူက ဆိုတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို လိုလားတဲ့အတွက် ဥပမာ လိုင်ဇာက KIA ဌာနချူပ် ဖြစ်တဲ့အကြောင်း သူတို့အသိအမှတ်ပြုတယ်။ အသိအမှတ်ပြုတဲ့အတွက်ကြောင့် သူတို့အနေဖြင့် ထိုးစစ်ဆင်မှုတွေမလုပ်ဘူး။ ပြောချင်တာက တိုက်နေရင်လည်း ဘာအဖြေတစ်ခုမှ ရမှာမဟုတ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီကို အမြန်တည်ဆောက်ဖို့ရန်နှင့် ပြည်သူ့အရေးကို ဦးစားပေး လုပ်လုပ်ဆောင်ဖို့ရန်နှင့် တိုင်းရင်းသားအရေးကိုလည်း ပါဝင်လုပ်ဆောင်ဖို့ သူကဒါတွေကိုပြောခဲ့တာဖြစ်တယ်။
မေး – ဒီလိုပြောဆိုမှုတွေအပါ် ဆရာတို့အနေဖြင့် ဘယ်လိုပြန်လည်ပြောဆိုခဲ့လဲ။
ဖြေ – ကျွန်တော်တို့က နိုင်ငံရေးအဖွဲ့အစည်း မဟုတ်တဲ့အတွက်ကြောင့် ဒါတွေကိုမသိဘူး။ ကျွန်တော်တို့ စစ်ရှောင်တွေ နေရပ်ပြန်ဖို့အတွက် စဉ်းစားလာတဲ့အချိန် နားမလည်ဘူး။ ပြန်ရမှာလား မပြန်ရဘူးလား၊ ဆိုတဲ့တွေဝေမှုတွေ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အခု တိုက်ပွဲမဖြစ်တာ ၂ နှစ် ကျော်လာတဲ့ချိန် ပြည်သူတွေရဲ့တောင်းဆိုမှုက နေရပ်ပြန်ဖို့အရမ်းများတယ်။ ဒါကြောင့် ကျွန်တော်တို့က စစ်ရှောင်တွေနေရပ်ပြန်ဖို့အတွက်ပဲ အဓိက လုပ်ဆောင်ခဲ့တာဖြစ်တယ်။ စစ်ရှောင်တွေ နေရပ်ပြန်တယ်ဆိုတာလည်း ငြိမ်းချမ်းရေးလို့ပြောလို့ရတဲ့ သက်သေတစ်ခုဖြစ်တယ်။ ဒါကြောင့် စစ်ရှောင်တွေနေရပ်ပြန်ရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာထောက်ပံ့မှုနဲ့ ပြန်မယ်ဆိုရင်ကြာမယ်။ မြေယာတွေပျောက်ကွယ်သွားမယ်၊ အကျင့်စာရိတ္တတွေပျက်လာမယ်။ လူမှုရေး ပြဿနာလည်းများလာတဲ့အတွက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ပြန်နိုင်ဖို့ လိုလာတယ်။ မိုင်းရှင်းလင်းရေးက နံပါတ် ၁ အရေးကြီးဆုံးဖြစ်တယ်။ ဒီလိုချိန်မှာ KIA နဲ့လည်း တွေ့ဆုံဆွေးနွေးမှုရမယ့်အပိုင်းတွေအများကြီးရှိတယ်။ ဒါကြောင့်စစ်ရှောင်တွေနေရပ်ပြန်နိုင်ရေးနှင့် ပတ်သက်ပြီး ဒီလောက်ဆွေးနွေးတင်ပြခဲ့တာဖြစ်တယ်။
မေး – နေရပ်ပြန်ရေးမှာ တပ်မတော်ကကော ပါဝင်ကူညီဆောင်ရွက်မယ်လို့ ပြောခဲ့လား။
ဖြေ – သူ့တို့ကတော့ စစ်ရှောင်တွေအားလုံးပြန်ပြီးသည့်တိုင်အောင် မိုင်းရှင်းလင်းရေးနှင့်ပတ်သက်ပြီး ပါဝင်ကူညီဆောင်ရွက်မယ်လို့ ပြောခဲ့တယ်။ ပြီးတော့လိုအပ်လာတဲ့အပေါ်မှာလည်း သူတို့က ထပ်ပြီးပြောလို့ရတယ်ပေါ့။ ဥပမာ ကျွန်တော် နားလည်သလောက်က ဂျပန်နိပွန်ဖောင်ဒေးရှင်းက သူနှင့် နီးစပ်တယ်။ ပြောပေးလို့ရတယ် ဆိုတဲ့ဟာမျိုး နားလည်တယ်။
မေး – မနေ့က တွေ့ဆုံဆွေးနွေးပွဲမှာ မြစ်ဆုံရေကာတာစီမံကိန်းနဲ့ပတသက်ပြီးလည်း ဆွေးနွေးခဲ့တယ်လို့သိရတယ်။ ဘယ်လိုဆွေးနွေးဖြစ်ခဲ့လဲ။
ဖြေ – ဟုတ်တယ်။ မြစ်ဆုံရေကာတာနှင့်ပတ်သက်ပြီး သူ့အနေနှင့် ပါဝင်ဆွေးနွေးခဲ့တာတွေရှိတယ်။ သူတို့ကိုယ်တိုင်ကလည်း မြစ်ဆုံမှာ ရေကာတာဆောက်ဖို့ သဘောမတူဘူးလို့ သုံးသပ်မိတယ်။ သူ့အနေနဲ့ အထက်ပိုင်း မြစ်လက်တက်တွေမှာ ဆောက်လို့ရတဲ့အကြောင်း ဆောက်ရင်လည်း တရုတ်နှင့် မဟုတ်ပဲနဲ့ ကိုယ့်နိုင်ငံက လူတွေနဲ့လုပ်ဖို့ ပြောပါတယ်။ ဆိုတော့ ကျွန်တော့်ဘက်ကလည်း မြစ်ဆုံအထက်ဘက်မှာလုပ်လာရင်တော့ ပြည်သူတွေက သဘောတူဖို့မျှော်လင့်ကြောင်း ပြောဆိုခဲ့တယ်။ ဒါပေမဲ့ ဒါကလည်း အားလုံး လုံးဝသဘောတူတယ်လို့တော့ ပြောဆိုခဲ့တာ မဟုတ်ဘူး။ ကျွန်တော်က နှစ်ခြင်းအသင်းတော်ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ဒါတွေကို နားလည်သဘောပေါက်တယ်။ အလုပ်တစ်ခုကိုလုပ်ရင် အားလုံးသဘောတူမှ လုပ်လို့ရတယ်။ ခေါင်းဆောင်က ဒီလိုပြောရင်လည်း တကယ်တမ်းလက်တွေ့အလုပ် လုပ်လာတဲ့ချိန် ပြည်သူတွေရဲ့ အသံကိုနားထောင်းပြီးမှ ပြန်လည်ဆုံးဖြတ်ရတာဖြစ်တယ်။ မနေ့တွေ့ဆုံမှုမှာ အရေးအကြီးဆုံးက မြစ်ဆုံရေကာတာစီမံကိန်းကိုတော့ ကန့်ကွက်တဲ့အကြောင်း ပြောဆိုခဲ့တယ်။
မေး – ရေကာတာနှင့်ပတ်သက်ပြီး အခြားပညာရှင်တွေ အရပ်ဘက်အဖွဲ့အစည်းတွေအများကြီး ကန့်ကွက်ပြောဆိုမှုတွေရှိနေတယ်။ ဆိုတဲ့အပေါ်မှာကော ဆရာအနေဖြင့်ဘယ်လို တုံ့ပြန်ချင်လဲ။
ဖြေ – NLD အစိုးရ စတက်ခါစတုန်းက မြစ်ဆုံနဲ့ပတ်သက်ပြီး ကော်မရှင်ဖွဲ့ခဲ့တယ်။ ပြည်သူတွေထိန်းကြောင်းတဲ့ အစိုးရဖြစ်တဲ့အတွက် စစ်တပ်လည်းသူလုပ်ချင်သလိုလုပ်လို့မရတော့ဘူး။ ဒါကြောင့်မစိုးရိမ်ရဘူးလို့ ကျွန်တော်က ဒီလိုယုံကြည်တယ်။ တရုတ်ကလည်း ပြည်သူတွေ ကန့်ကွက်နေရင်လုပ်မယ်လို့မထင်ဘူး။
မေး – ယခုလက်ရှိသတင်းတွေလည်းထွက်နေတယ်၊ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က အသက် ၆၅ နှစ် ပြည့်ပြီ ဖြစ်တဲ့အတွက် ရာထူးကနေ အနာယူဖို့ဆိုတဲ့အကြောင်းအရာတွေလည်းပေါ်နေတော့ မနေ့က တွေ့ဆုံမှုမှာ ထူးခြားမှုတွေရှိလား။
ဖြေ – မနေ့ကသူပြောခဲ့တဲ့ အခြေအနေကိုကြည့်ရင် သူဆက်ပြီး စစ်ဘက်ဖြစ်ဖြစ်၊ စစ်ဘက်မဟုတ်သည်ဖြစ်ဖြစ်၊ နိုင်ငံကို ဦဆောင်ချင်တဲ့စိတ် ရှိသေးတယ်လို့မြင်ပါတယ်။ ဘာကြောင့်လဲဆို သူပြောတဲ့အချက်တွေထဲက ‘တော်လှန်ရေးမှာ ပါဝင်လုပ်ဆောင်နေတဲ့သူတွေက တကယ်နိုင်ငံရေးလုပ်တဲ့သူတွေဖြစ်တဲ့အကြောင်း သူထည့်ပြောခဲ့တယ်။’ ဥပမာ- ဗိုလ်ချူပ်ကြီး ဂမ်ရှောင်တို့ ဗိုလ်ချူပ် ဂွန်မော် တို့ ဆိုပြီး သူနာမည်တပ်ပြောသွားတယ်။ ထို့အတူ သူလည်းတပ်မတော်ထဲမှာ စစ်ဦးစီးချူပ်အဖြစ် (၁၀) နှစ် အခြားအဆင့်တွေအနေနှင့် နှစ် ၄၀ တာဝန်ထမ်းဆောင်ခဲ့ပြီဖြစ်တဲ့အတွက် စီးပွားရေး၊ နိုင်ငံရေးကဏ္ဍတွေမှာ ဘာအရင်လုပ်ဆောင်ရမယ်ဆိုတဲ့အကြောင်း ထည့်ဆွေးနွေးခဲ့တာတွေကို ကြည့်ရင် ဆက်ပြီး တာဝန်ထမ်းဆောင်လိုစိတ် ရှိသေးတယ်လို့ ကျနော်အနေနဲ့ သုံးသပ်မိတယ်။
မေး – တပ်ချူပ်နှင့် တွေ့ဆုံဆွေးနွေးတဲ့နောက်ဆက်တွဲက ဘယ်လိုထူခြားမှုတွေရှိလာမယ်လို့ ထင်မိပါသလဲ။
ဖြေ – ဘာပဲပြောပြော ဒီခေါက်ဆွေးနွေးပွဲက လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ခဲ့တယ်။ စစ်ရှောင်တွေနေရပ်ပြန်တဲ့အခါ တပ်မတော်ဘက်က နှောက်ယှက်မှုတွေ မလုပ်ဘူးဆိုရင်တော့ အမြတ်ဖြစ်လိမ့်မယ်။ ဥပမာ- KIA ထိန်းချူပ်တဲ့ဒေသဘက်ကသူတွေ နေရပ်ပြန်မယ့်ကိစ္စဆိုပါစို့၊ KIA တပ်ဖွဲ့တွေ သွားလာတဲ့ နေရာတွေဆို သူတို့ သဘောမတူဘူးလို့သိရတယ်။ ဒါပေမယ့် ကျွန်တော်တို့က ပြန်ချင်တယ်။ အခု နမ်လင်းပါ(ဗန်းမော်ခရိုင) ဆိုရင် သူတို့သဘောမတူဘူး။ ဒါပေမယ့် ကျွန်တော်တို့ပြန်မယ်။ ဘယ်လောက်ထိ သူတို့ပြန် ပိတ်ပင်မလဲ ဘယ်လောက်ထိသူတို့ပါဝင်ကူညီမယ်ဆိုတာ အဖြေက ပေါ်လိမ့်မယ်။ ဒါကြောင့် တပ်ချုပ်နှင့်တွေ့ဆုံပြီး ဘာရမယ်ဆိုတာထက် ကျွန်တော်တို့စစ်ရှောင်တွေ နေရပ်ပြန်ရေးအတွက် သူတို့ဘက်က မနောက်ယှက်အောင်၊ တားဆီးပိတ်ပင်မှုတွေမရှိအောင် ဒါတွေဆွေးနွေးနိုင်တာက ကျွန်တော်တို့အတွက်အမြတ်ဖြစ်တယ်လို့ ပြောလို့ရတယ်။
မေး – ဆရာအနေနဲ့ ထပ်ပြီး ဖြည့်စွက်စရာရှိရင် ပြောပေးပါ။
ဖြေ – မနေ့က တွေ့ဆုံခဲ့တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သတင်းမှာ ပြောဆိုမှုတွေ အမျိုးမျိုးရှိလိမ့်မယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် မစိုးရိမ်ဖို့နှင့် မကြောက်ဖို့ပြောချင်ပါတယ်။ လုပ်စရာရှိတာကို ရဲရဲလုပ်ရအောင်။ လုပ်စရာဆိုတဲ့ ထဲမှာလည်း ၁၀၀ ရာခိုင်နှုန်း အပြည့် သဘောတူမှ လုပ်ရမယ်ဆိုတဲ့အလုပ်လည်း မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် အမြင်တွေကတော့ ကွဲမှာပဲ။ အားလုံးအတွက် ကောင်မွန်တဲ့အလုပ်တွေကို ကျွန်တော်တို့အတူတကွ လုပ်ဆောင်သွားဖို့ ကျွန်တော်တိုက်တွန်းလိုပါတယ်။