နိုင်ငံရေးပြဿနာများအား တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးအဖြေရှာမည်ဟု NLD ဆို

နိုင်ငံရေးပြဿနာများအား တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးအဖြေရှာမည်ဟု NLD ဆို
by -
မင်းထွန်း (DMG)

နိုင်ငံရေးပြဿနာများကို ရည်မှန်းချက်တူညီသည့် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် ဆွေးနွေးအဖြေရှာမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကပြောသည်။

တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးအဖြေရှာခြင်းကို NLD အနေဖြင့် ၂၀၂၀ အလွန်တွင် ပြုလုပ်နိုင်ဖွယ်ရှိပြီး အနာဂတ်ပြည်ထောင်စုသစ်တည်ဆောက်ရေးအတွက် ပုံဖော်နိုင်ရန်ဖြစ်ကြောင်း သိရသည်။

“ရည်မှန်းချက်တူညီတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီအားလုံးနဲ့ ဆွေးနွေးမှာပါ။ လောလောဆယ်မှာတော့ ဘယ်သူနဲ့ဆွေးနွေးမယ်ဆိုတာ သတ်မှတ်လျာထားတာ မရှိသေးဘူး။ အနာဂတ် ပြည်ထောင်စုသစ်အရေးအတွက် ဘယ်လိုပြည်ထောင်စုမျိုးကို ပုံဖော်မယ်ဆိုတာ ဆွေးနွေးညှိနှိုင်းတဲ့သဘောပါခင်ဗျာ။ အဲတာကို ဆွေးနွေးသွားပါမယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ထိုသို့ ဆွေးနွေးမှုများမှ တိုင်းရင်းသားပါတီအချင်းချင်း အပြန်အလှန်ယုံကြည်မှုဖြင့် လက်ရှိနိုင်ငံရေးပြဿနာများ ပြေလည်သည်အထိ ဆွေးနွေးနိုင်မည်ဟုမျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“တိုင်းရင်းသားအချင်းချင်း အပြန်အလှန်ယုံကြည်မှုနဲ့ဘဲ ဆောင်ရွက်သွားရမှာဖြစ်တယ်။ ရိုးသားဖြောင့်မတ်စွာ၊ နောက်ပွင့်လင်းစွာဆွေးနွေးခြင်းအားဖြင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်လာပြီးတော့ အခုဖြစ်နေတဲ့ နိုင်ငံရေးပြဿနာ အားလုံး ပြေလည်တဲ့အထိ ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

မြန်မာနိုင်ငံ၏ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည် ရေရှည်သွားရမည့် ကိစ္စဖြစ်ခြင်းကြောင့် လက်ရှိအ ချိန်တွင် လုပ်ထုံးလုပ်နည်းများနှင့်ဖွဲ့စည်းပုံကို အသေးစိတ်ပြင်ဆင်ရေးလုပ်ဆောင်နေကြောင်း ၎င်းကဆိုသည်။

NLD အနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ရက်ကလည်း ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပူးပေါင်း ပါဝင်ရန်   တိုင်းရင်းသားပါတီ ၄၈ ပါတီအား အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

လာမည့် ငါးနှစ်တာကာလအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံသည့် အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းရန်အတွက် ထိုသို့ ဖိတ်ခေါ်ရခြင်းသည်ဟု NLD ဗဟို တာဝန်ရှိသူများက ထုတ်ဖော်ပြောဆို ထားသည်။

သို့သော် NLD ပါတီအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ချင်ကြောင်း သဘောထားရှိလျှင် လက်ရှိအချိန်မှာ တိုင်းရင်းသားပါတီများနှင့်ညှိနှိုင်းဆွေးနွေးရမည်ဖြစ်ကြောင်း နိုင်ငံရေးအရေးလေ့လာသုံးသပ်သူ ဦသန်းစိုးနိုင်က ပြောသည်။

“NLD က အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့ချင်တဲ့သဘောထားရှိရင် တိုင်းရင်းသားတွေနဲ့ ဒီချိန်မှာ ညှိနှိုင်းဆွေးနွေးရမှာဖြစ်တယ်။ ဒါပေမယ့် ကိုဗစ်အလွန်ဆိုတော့ ကိုဗစ်က ဘယ်တော့လွန်မှာလဲမသိ့ဘူး။အဲတော့ ယေဘုယျ အားဖြင့်ကြိုဆိုပေမယ့် အခိုင်အမာခြေလှမ်းတွေ မပါတဲ့အတွက် NLD အစိုးရဟာ အခု ဘယ်လို အမျိုးသားညီညွတ်ရေးအစိုးရမျိုးတည်ဆောက်မှာလဲ။ တိုင်းရင်းသားတွေရဲ့ ဘယ်သဘောထားတွေကို လက်ခံမှာလဲ။ နောက် တိုင်းရင်းသားတွေနဲ့ မဟာမိတ်ဖွဲ့မှာလား။ တပ်ပေါင်းစုဖွဲ့မှာလား။ ဒါမှမဟုတ် ဆွေးနွေးရုံပဲလား။ ဆွေးနွေးဖက် အဖြစ်သဘောထားလို့လား။ အဲကိစ္စတွေ ဘာမှမရှင်းလင်းတဲ့အတွက် တကယ်တမ်း ဘာဖြစ်လာမလဲဆိုတဲ့ကိစ္စကို ပြောရခက်တယ်” ဟု ၎င်းကပြောသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...