မြစ်ကြီးနားခရိုင်အတွင်း ပုံစံ ၁၉ အား လက်မှတ်လာမထိုးသည့် ကိုယ်စားလှယ်လောင်းအများစုက ပြည်ခိုင်ဖြိုးမှဖြစ်

မြစ်ကြီးနားခရိုင်အတွင်း ပုံစံ ၁၉ အား လက်မှတ်လာမထိုးသည့် ကိုယ်စားလှယ်လောင်းအများစုက ပြည်ခိုင်ဖြိုးမှဖြစ်

ရွေးကောက်ပွဲအပြီး မြစ်ကြီးနားခရိုင်တွင် ပုံစံ ၁၉ အား လက်မှတ်မထိုးသည့် ကိုယ်စားလှယ်လောင်းအများစုက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

အဆိုပါခရိုင်တွင်ပုံစံ ၁၉ အား လက်မှတ်မထိုးသည့် ကိုယ်စားလှယ်လောင်းများထဲတွင် ပြည်ခိုင်ဖြိုးအပြင် အခြားတိုင်းရင်းသားပါတီများလည်းပါဝင်သော်လည်း မည်သည့်ပါတီက မည်မျှဆိုသည့်အချက်အလက်အတိအကျကိုမူ ခရိုင်ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ထည့်သွင်းပြောကြားခြင်းမရှိပေ။

"များသောအားဖြင့်တော့ ပြည်ခိုင်ဖြိုးက မထိုးဘူးပေါ့နော်။သူက ပိုများတာပေါ့။ နေရာတိုင်းတော့ မဟုတ်ပါဘူး။ ထိုးတဲ့နေရာထိုးတယ်။ မထိုးတဲ့နေရာမထိုးဘူး။ တစ်ခြားပါတီတွေလည်းရှိပါတယ်။ တိုင်းရင်းသားပါတီတွေ ရှိတော့ ရှိတယ်။ ဒါပေမယ့် မထိုးရတဲ့အကြောင်းအရင်းက မအားလို့ မထိုးတာဘဲရှိတယ်" ဟု ဦးကျော်စိုးအောင်က ရှင်းပြသည်။

ပုံစံ ၁၉ လက်မှတ်မထိုးသည့် ပါတီများထဲတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) လည်းပါဝင်ပြီး ၎င်းတို့အနေဖြင့် ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေအထွေရွေးကောက်ပွဲအား လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲဟု မခံစားရသောကြောင့် လက်မှတ်မထိုးရခြင်းဖြစ်ကြောင်း  ပါတီဒုတိယဥက္ကဌ ဦးကွမ်ဂရောင်အောင်ခမ်းက ပြောသည်။

“ကျွန်တော်တို့အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကို မကြိုက်လို့ ဆန့်ကျင်ပြီးတော့ ပြောဆိုနေတာမျိုးမဟုတ်ပါဘူး။ အဓိကတော့ ရွေးကောက်ပွဲရဲ့ ပုံစံ၊ ရွေးကောက်ပွဲရဲ့ အခင်းအကျင်း၊ ရွေးကောက်ပွဲရဲ့ ရလဒ် ဒါတွေကို ကျွန်တော်တို့အနေနဲ့ လွတ်လပ်ပြီးမှ တရားမျှတတယ်လို့ လက်ခံနိုင်တဲ့ အနေအထားမှာ မရှိပါဘူး။ လက်ရှိအခြေအနေမှာ ဒီလိုပဲဖြစ်နေတော့ လက်မှတ်မထိုးနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်” ဟု ဦးကွမ်ဂရောင် အောင်ခမ်းကပြောသည်။

ကိုယ်စားလှယ်လောင်းများအနေဖြင့် လက်မှတ်ပြုစုသည့်နေရာသို့ လာရောက်ရန်တာဝန်ရှိပြီး လက်မှတ်ထိုးရန်လည်း တာဝန်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က ပြောသည်။

"သူတို့ လက်မှတ်ပြုစုတဲ့နေရာကို လာဖို့လည်းတာဝန်ရှိတယ်။ လက်မှတ်ထိုးဖို့လည်း တာဝန်ရှိတယ်။ ဥပဒေက သူတို့ကို အဲ့ဒီတာဝန်ပေးထားတယ်။ ဒါပေမယ့် သူ့ရဲ့သဘောဆန္ဒအရ မထိုးချင်ဘူးဆိုလည်း သူ့ရဲ့သဘောဘဲ အဲ့ဒါနဲ့ပက်သက်ပြီး ပြောစရာတော့မရှိဘူး။ မထိုးဘဲဖြစ်လာတဲ့ တာဝန်က သူ့တာဝန်ဘဲဖြစ်တယ်" ဟု ဦးထွန်းအောင်ခိုင်ကပြောသည်။

၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာ ၅၀ တွင် အနိုင်ရရှိခဲ့ပြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၁၀ နေရာနှင့် ကချင်ပြည်နယ်ပြည်သူ့ပါတီက လေးနေရာအနိုင်ရရှိခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...