ရွေးကောက်ပွဲအနိုင်ရ အမျိုးသမီးကိုယ်စားလှယ်များအနေဖြင့် အမျိုးသမီးအကြမ်းဖက်မှု လျော့ပါးရေးအတွက် အားစိုက်လုပ်ဆောင်ပေးရန် အမျိုးသမီးအရေးလူပ်ရှားသူများက တိုက်တွန်းတောင်းဆိုလိုက်သည်။
ယခုနှစ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သော အမျိုးသမီးကိုယ်စားလှယ်များ ၂၀၁၅ ရွေးကောက်ပွဲထက် အနိုင်ရရှိမူပိုမိုများလာသည့်အတွက် လစ်လျူရှုခံနေရသည့် အမျိုးသမီးအခွင့်အရေးဆိုင်ရာများကို လုပ်ဆောင်ပေးရန် ဒေသခံများက ပိုမိုမျှော်လင့်လျက်ရှိလာသည်။
“အမျိုးသမီးနဲ့မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မူတွေကို လေးလေးနက်နက်ကို အရေးယူပေးပါလို့ တောင်းဆိုချင်တယ်။ ဖြစ်လာတဲ့ပြသာနာတွေကို အပြောနဲ့မဟုတ်ဘဲလက်တွေ့ လုပ်ဆောင်ပေးစေချင်တယ်။ အစတုန်းကတော့ ကျွန်မတို့လည်း ငယ်သေးတဲ့ချိန်မှာတော့ ဒီဟာတွေနဲ့ပတ်သက်ပြီး အသိပညာအဲလောက်မရှိ သေးဘူး။တစ်ချို့နေရာတွေမှာ မိန်းကလေးတွေကို အကြမ်းဖက်တဲ့ဟာမျိုးဖြစ်နေတယ်။ ဒါပေမယ့် အဲကိစ္စတွေကို လုပဆောင်ပေးတဲ့သူတွေက ထိရောက်မူရှိအောင်လုပ်ဆောင်ပေးနိုင်မျိုးမတွေ့ရဘူး။ဒါကြောင့် လွှတ်တော်ကိုယ် စားလှယ်တွေကို ပြောချင်ပါတယ်။ ကျမတို့အမျိုးသမီးအကြမ်းဖက်ခံရတာတွေကို ထိထိရောက်ရောက် အရေးယူပေးနိုင်ဖို့ ကူညီပေးပါ” ဟု ကချင်ပြည်နယ် ဇီးလွန်စစ်ရှောင်စခန်းမှ ဒေါ်ထုလွမ်က ပြောသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီး၌ ကချင်ပြည်နယ်မှ အမျိုးသမီးကိုယ်စားလှယ် ငါးဦးသာပါဝင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ အမျိုးသမီးကိုယ်စားလှယ် ၁၀ ဦးအထိ ရှိလာကာ ပြည်နယ်လွှတ်တော်တွင် ခြောက်ဦးဖြစ်ကြောင်း သိရသည်။
ယခင်လွှတ်တော်သက်တမ်းတွင် အဆိုပါအမျိုးသမီး ကိုယ်စားလှယ်လောင်းများအနေဖြင့် လွှတ်တော်ထဲတွင် အမျိုးသမီးကဏ္ဍများနှင့်ပတ်သက်သည့် အဆိုတင်ပြမှု တစ်ရာခိုင်နူန်းပင်မရှိကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောသည်။
အမျိုးသမီးများအနေဖြင့် အိမ်တွင်းအကြမ်းဖက်မူအပါအဝင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုစီးပွားဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မူများအတွက် တရားမျှတမူတောင်းဆိုရာတွင် ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှု များနှင့် လက်ရှိပြဌာန်းထားသော ဥပဒေ၏ အားနည်းချက်ကြောင့် ကျား/မ အခြေပြု အကြမ်းဖက်ခံရမူသည် တစ်နေ့ထက်တစ်နေ့ ပိုမိုများလာကြောင်း အမျိုးသမီးအရေးလူပ်ရှားသည့် အရပ်ဘက်အဖွဲ့စည်းများက ဆိုသည်။
“ကချင်ပြည်နယ်ထဲက လွှတ်တော်ရောက်သွားတဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေကို ကိုယ့်ကိုမဲပေးလိုက်တဲ့ ပြည်သူတွေ၊ အမျိုးသမီးတွေရဲ့ အရေးကိစ္စကို လျစ်လျူမရှုထားဘဲနဲ့ကျန်းမာရေး၊ ပညာရေး၊ အစရှိသဖြင့် ဘယ်လိုအတားအဆီးတွေရှိနေပါစေ ခေါင်းဆောင်မူပိုင်းမှာ ပါဝင်လာအောင် သူတို့က လွှတ်တော်ထဲမှာ အမျိုးသမီးတွေရဲ့အသံကို နားထောင်ပြီးမှ အမျိုးသမီးအရေးလုပ်ဆောင်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အဆင့်တွေမှာတော့ ဥပဒေပြုရေးတွေ၊ မူဝါဒပြင်ဆင်ရေး ဖြည့်စွက်ရေးတွေကို လုပ်ဆောင်သွားမယ့်သူဖြစ်တဲ့အတွက် အဲဒီအခါကျရင် ကျမတို့အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေထည့်သွင်း စဉ်းစားပေးရမယ်။ ဘာကြောင့်လဲဆိုတော့အမျိုးသမီးတွေရဲ့ မူဝါအရေး ခုဆိုရင် အမျိုးသမီးအကြမ်းဖက်မှုရပ်တန့်ရေး (PoVAW) နဲ့ပတ်သက်တဲ့ ဥပဒေကို ခုထိအတည်မပြုနိုင်သေးဘူး။ လွန်ခဲ့တဲ့ခုနစ်နှစ်တိုင်တိုင် ရေးဆွဲခဲ့သည့် ဥပဒေကို အမြန်ဆုံးအတည်ပြုပြီးတော့မှ အမျိုးသီးအကြမ်းဖက်လျော့နည်းပပျောက်လာအောင် ကူညီ လုပ်ဆောင်ပေးဖို့ တိုက်တွန်းချင်ပါတယ်” ဟု ထွယ်အမျိုးသမီးအခွင့်အရေးလူပ်ရှားသည့် အရပ်ဘက်အဖွဲ့အစည်းမှ ဒေါ်နန်ပူက ပြောသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုကျူးလွန်ခံရသည့် အမျိုးသမီးများအား ဥပဒေအရ ကာကွယ်ပေးရတွင် အလွန်နည်းပါးနေပြီး ထို့သို့ဖြစ်ရခြင်းမှာမြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်သည့်ဥပဒေ၌ အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မူဥပဒေအား ထည့်သွင်းပြဌာန်းထားခြင်းမရှိဘဲ ရာဇသတ်ကြီးဖြင့်သာ စီရင်ကျင့်သုံးနေခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။
“အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ထဲရောက်သွားတဲ့ခါမှာ ကိုယ်က အမျိုးသမီးတစ်ယောက်ဖြစ်နေပါလျှက်နဲ့ အမျိုးသမီးတွေရဲ့အခက်ခဲတွေကို သိနေပါရဲ့နဲ့ အမျိုးသမီးကဏ္ဍကို ဘာမှမလုပ်ပေးနိုင်ဘူးဆိုရင်တော့ ဒါက မဟုတ်သေးဘူး။ ကျမတို့ လူမူပတ်ဝန်းကျင်မှာတင် အမျိုးသမီးတွေက အဖက်ဖက်ကနေ ဖိနှိပ်ခံနေရတာတွေရှိနေတယ်။ ဒါကြောင့်မို့ ကျမတို့ကိုယ်စား အမျိုးသမီးတွေအားလုံး ဘေးကင်းလုံခြုံဖို့အတွက် လုပ်ဆောင်ပေးပါလို့ပြောချင်ပါတယ်” ဟု ဝိုင်းမော်ဒေသခံ ဒေါ်မော်မော်စန်းကပြောသည်။
အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမူပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW) အား မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးအကြမ်းဖက်မူကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် ဥပဒေမူဘောင်တစ်ခုအား ပံ့ပိုးနိုင်ရေးအတွက် အမျိုးသမီးအကြမ်းဖက်မူတားဆီးကာကွယ်ရေးဥပဒေမူကြမ်း (PoVAW) အား ၂၀၁၃ ခုနှစ်တွင် အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်း၊ နိုင်ငံတစ်ကာအဖွဲ့အစည်းများက အတူတစ်ကွ စတင်ရေးဆွဲခဲ့ကြသည်။
သို့သော် လက်ရှိချိန်ထိ အဆိုပါဥပဒေမူကြမ်းအား အတည်ပြုနိုင်ခြင်းမရှိသေးပေ။
ယခုနှစ်ရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီး၌ ပါတီပေါင်းစုံမှ အမျိုးသမီးကိုယ်စားလှယ် စုစုပေါင်း လေးရာခိုင်နှုန်းကျော်တိုးလာပြီး အမျိုးသမီးကိုယ်စားလှယ် ၁၉၄ ဦး လွှတ်တော်ထဲရောက်လာမည်ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၁၅၁ ယောက် အနိုင်ရခဲ့ပြီး ယခုနှစ်ရွေးကောက်ပွဲရလဒ်ကို နှိုင်းယှဉ်ကြည့်ပါက အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၄၀ ကျော် တိုးလာမည်ဖြစ်ကြောင်း သိရသည်။