လူကြည့်ရွေးသောခေတ်ရောက်မှ တိုင်းရင်းသားပါတီများမှ လူငယ်ကိုယ်စားလှယ်လောင်းများ နေရာရရန်မျှော်လင့်နိုင်

လူကြည့်ရွေးသောခေတ်ရောက်မှ တိုင်းရင်းသားပါတီများမှ လူငယ်ကိုယ်စားလှယ်လောင်းများ နေရာရရန်မျှော်လင့်နိုင်

ရွေးကောက်ပွဲတွင် လူကြည့်ရွေးသောခေတ်ရောက်မှ တိုင်းရင်းသားပါတီများမှ လူငယ်ကိုယ်စားလှယ်လောင်းများ နေရာရရန် မျှော်လင့်နိုင်မည်ဖြစ်ကြောင်း ကချင်ပြည်နယ် မိုးမောက်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် လူငယ်ကိုယ်စား လှယ်လောင်း ကိုစိုင်း၀ဏ္ဏအောင်က ပြောသည်။

“၂၀၂၀ မှာ လူငယ်တွေနိုင်တာမျိုးတော့ ရှိပါတယ်။ Nld ကနေ အနိုင်ရရှိသွားတဲ့ လူငယ်ကိုယ်စားလှယ်တွေရှိတာပဲ။ လူငယ်ဖြစ်မှု/မဖြစ်မှုဆိုတာထက် ပါတီပဲကြည့်ရွေးတာဆိုတော့လေ။ ၂၀၂၀ မှာ ဘယ်ပါတီက နေပြိုင်လဲဆိုတာပိုအရေးပါနေသေးတယ်။ လူကြည့်ပြီးရွေးတဲ့ ခေတ်ရောက်ရင် လူငယ် တွေလည်း ထိုက်သင့် တဲ့တစ်နေရာရလာမယ်လို့မြင်တယ်” ဟု၄င်းကပြောသည်။

ယခုနှစ်ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများမှ လူငယ်ကိုယ်စားလှယ်များ အနိုင်မရရှိသည့်အကြောင်းအရင်းထဲ၌ အရည်အချင်းထက် ပါတီကိုကြည့်၍ ရွေးချယ်ခဲ့ခြင်းကြောင့်ဖြစ်သည့်အပြင် မဲဆန္ဒရှင်များကလည်း တိုင်းရင်းသားပါတီများမှ လူငယ်ကိုယ်စားလှယ်များကို အတွေ့အကြုံပိုင်းလိုအပ်နေသေးသည်ဟု မြင်နေကြောင်း ၎င်းကဆက်လက်ပြောသည်။

“လူငယ်တွေ သိပ်လုပ်နိုင်မယ်လို့ မထင်ကြတာလဲတစ်ကြောင်းပါတယ်။ အတွေ့အကြုံလိုသေးတယ်လို့ မြင်ကြတာများတယ်။ ဒါပေမယ့် နောက်လာမယ် ၂၀၂၅ မှာတော့ ၂၀၂၀ ထက်တော့ ထူးလာနိုင်ခြေရှိပါတယ်” ဟု ကိုစိုင်း၀ဏ္ဏအောင်က ပြောသည်။

ရှေးရိုးဆွဲအယူအစများနှင့် ယခုခေတ်လူငယ်များ၏ နိုင်ငံရေးစွမ်းအားကိုလဲ လူကြီးများမှ နားလည်လက်ခံလာနိုင်ရန်လိုအပ်ပြီး လူငယ်များအနေဖြင့်လည်း လက်ရှိနိုင်ငံရေးကို မျက်ခြေမပျက် စောင့်ကြည့်လေ့လာမှုများ ပိုမိုလုပ်ဆောင်ရန်လိုအပ်နေကြောင်း ၄င်းက သုံးသပ်သည်။

“လက်ရှိနိုင်ငံရေးကို မျက်ခြေမပျက်စောင့်ကြည့်မယ် လေ့လာမယ်ပေါ့ဗျာ။ နောက်လာမယ့်ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့/မပြိုင်ဖို့ကတော့ တွေးထားတာတော့မရှိသေးပါဘူး” ဟု ကိုစိုင်း၀ဏ္ဏအောင်ကပြောသည်။

၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ကချင်ပြည်နယ် မဲဆန္ဒနယ်တွင် ၂၈ နေရာ၊ စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ်တွင် ကိုးနေရာ၊ ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ၊ ကချင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာ၊ စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ လူငယ်ကိုယ်စားလှယ်လောင်း ၃၁.၅၈ ရာခိုင်နှုန်း ပါဝင်ခဲ့သော်လည်း တစ်နေရာမှအနိုင်မရရှိခဲ့ပေ။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...