ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောဆိုတဲ့ သတင်းအမှား

ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောဆိုတဲ့ သတင်းအမှား
by -
NMG

တရားမျှတတဲ့ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တောင်းဆိုလိုက်ပါတယ်ဆိုတဲ့ ရုပ်သံသတင်းတစ်ပုဒ်ကို Youtube Channel ဖြစ်တဲ့ S&T Voice Channel ကနေ နိုဝင်ဘာလ ၁၁ ရက်နေ့က တင်ထားတာကို တွေ့ရပါတယ်။

အဲဒီရုပ်သံထဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တရားမျှတစစ်မှန်တဲ့ ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပေးပြီးတော့ ရွေးကောက်ပွဲကို တစ်လအတွင်း ပြန်လည်ကျင်းပပေးရန် တောင်းဆိုခဲ့တယ်ဆိုပြီးတော့ ရုပ်သံထဲမှာ ထည့်သွင်းထားတာကိုတွေ့ရပါတယ်။

S&T Voice Channel  က တင်ဆက်တဲ့ ရုပ်သံသတင်း https://bit.ly/2JbgvKj ကိုအဲဒီလင့်မှာ ဝင်ကြည့်လို့ရပါတယ်။

အဲဒီရုပ်သံထဲမှာပါတဲ့ သတင်းဟာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဲလိုပြောပါတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောဆိုထားခြင်းမရှိသလို သတင်းဌာနအားလုံးမှာလည်း အဲလိုမျိုးသတင်းတွေ ရေးသားထားတာကို မတွေ့ရပါဘူး။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံတော်အကြီးအကဲတစ်ယောက်ဖြစ်တဲ့အတွက် ရုပ်သံမှာပြောထားတဲ့ သတင်းသာ မှန်တယ်ဆိုရင် ဧကန်မုချ အဲဒီသတင်းကို သတင်းဌာနတွေက ဝိုင်းရေးသားကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီသတင်းကို ဘယ်သတင်းဌာနမှ ရေးသားထားတာ မတွေ့ရပါဘူး။

နိုဝင်ဘာလ ၈ ရက်နေ့ (ရွေးကောက်ပွဲနေ့) က မဲပေးပြီး ပြန်ထွက်လာတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရွေးကောက်ပွဲကျင်းပပြီးစီးပါက ထွက်ပေါ်လာမယ့်ရလဒ်အပေါ် သဘောထားကို သတင်းမီဒီယာတွေ မေးကြည့်တဲ့အခါမှာ အခုလိုပြောခဲ့ပါတယ်။

“ကျနော်ကတော့ ပြည်သူ့ဆန္ဒနဲ့ ထုတ်ဖော်လာတဲ့ ရလဒ်အတွက် လက်ခံရမှာ ဒါကတော့ ဒါကတော့ ဘယ်လို မှ ငြင်းပယ်လို့ မရဘူး လက်ခံမယ်။ နိုင်ငံသူနိုင်ငံသားတွေရဲ့ ခံစားနေရတဲ့ သောကတွေ သောကတွေ ဒါတွေကို ဘယ်လိုဖြေသိမ့်မှုအတွက် စဉ်းစားပြီးတော့ လုပ်ဆောင်ဖို့လိုပါလိမ့်မယ်။ ဒါအတွက် ကျနော်တို့အတွက် အင်မတန်အရေးကြီးတဲ့အချက်ပါ။ နိုင်ငံသူ နိုင်ငံသားတွေ ခံစားနေရတဲ့ သောကတွေအတွက်ကို ဖြေသိမ့်နိုင်ဖို့က အရေးကြီးပါတယ်။ ဒါကတော့ မလွဲမသွေ လုပ်ကိုလုပ်ရမှာပါလို့ အထူးပြောချင်တယ်။”

မဲပေးအပြီး ပြန်ထွက်လာတဲ့ ဗိုလ်ချုပ်မှူးကြီမင်းအောင်လှိုင်က ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး ပြောကြားထားတဲ့ ရုပ်သံ https://www.youtube.com/watch?v=XYjsv5-ASmI မှာကြည့်နိုင်ပါတယ်။

Youtube Channel တစ်ခုဖြစ်တဲ့ S&T Voice Channel ရဲ့တင်ဆက်မှုကို ကြည့်မယ်ဆိုရင် ရွေးကောက်ပွဲရလဒ်ကို မကျေနပ်တဲ့ လူတစ်ချို့ရဲ့ ဆန္ဒထုတ်ဖော်ပွဲမှ ထွက်ပေါ်လာတဲ့စကားတွေကို အခြေခံပြီးတော့ သတင်းကို တင်ဆက်ထားတာကို တွေ့ရပါတယ်။

အဲဒီရုပ်သံအရ ရွေးကောက်ပွဲ ရလဒ်တွေကို မကျေနပ်တဲ့လူတစ်ချို့ရဲ့ ဆန္ဒထုတ်ဖော်ပွဲက ပြောဆိုချက်ကိုကြည့်မယ်ဆိုရင် ဆန္ဒထုတ်ဖော်သူတွေ အနေနဲ့ သူတို့ဖြစ်ချင်တဲ့ သဘောထားတွေကိုသာ ပြောဆိုသွားတာဖြစ်ပြီး အဆိုပါစကားတွေဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်က ပြောတာမဟုတ်ဘူးဆိုတာကိုလည်း တွေ့နိုင်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၁၂ ရက်နေ့က တပ်မတော်ရဲ့ထုတ်ပြန်ချက်ထဲမှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပ ပေးရန် ပြောဆိုထားခြင်းမရှိပဲ AA လက်နက်ကိုင် အဖွဲ့က ထုတ်ပြန်ထားသကဲ့သို့ ရွေးကောက်ပွဲ ကျင်းပခြင်း မရှိတဲ့ ဒေသတွေမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရန် ပြောဆိုမှုကို ကြိုဆိုကြောင်း နှင့်  ရွေး ကောက် ပွဲပြုလုပ်ရန် ကျန်ရှိနေ သည့် နေရာများ၌ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်သွားပါမယ်လို့ ဆိုပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတာနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ထုတ်ပြန်ချက်ကို ဒီလင့်မှာ http://www.dsinfo.org/node/674 ကြည့်နိုင်ပါတယ်။

လက်ရှိ တိုင်းပြည်ရဲ့ နိုင်ငံရေးအရ အကူးအပြောင်းကာလမှာ ဆိုရင် နိုင်ငံခေါင်းဆောင်တွေရဲ့ ပြောဆိုချက် စကားတွေကို အခြေခံပြီး သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးသားလာတာကို တော်တော်များများကို တွေ့ရမှာဖြစ်ပါတယ်။

ဒါကြောင့် အခုလိုပြောစကားတွေကို အခြေခံတဲ့ သတင်းအမှားတွေအပြင်၊ အခြားပုံစံမျိုးစုံနဲ့ ပြန့်နှံလာတဲ့ သတင်းတု၊ သတင်းအမှားတွေဟာ အခုကာလမှာဆိုရင် Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တော်တော်များများ ပြန်နှံလာနေတဲ့အတွက် သတင်းတွေကိုဖတ်ပြီး ထပ်ဆင့်ဖြန့်ဝေတော့မယ်ဆိုရင် ဒါဟာ သတင်းအမှားလား အမှန်လားဆိုတာကိုတော့ စီစစ်ပြီးမှ ဖြန့်ဝေပေးပါလို့ တောင်းဆိုလိုက်ပါတယ်။

Most read this week

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...