အပြုသဘောဆောင်ဝေဖန်နိုင်ပြီး မဟုတ်တာရှိလျှင် ထောက်ပြပေးရန် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ရွေးကောက်ခံရသူ နော်စူဆဲနာလှလှစိုးပြော

အပြုသဘောဆောင်ဝေဖန်နိုင်ပြီး မဟုတ်တာရှိလျှင် ထောက်ပြပေးရန် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ရွေးကောက်ခံရသူ နော်စူဆဲနာလှလှစိုးပြော
by -
စောထွန်းလင်း (KIC)

အပြုသဘောဆောင်ဝေဖန်နိုင်ပြီး မဟုတ်တာရှိပါက ထောက်ပြပေးရန်ကြောင်း ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနေရာတွင် ရွေးကောက်ခံရသည့် နော်စူဆဲနာလှလှစိုးက ပြောသည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာအရွေးခံရသူ နော်စူဆဲနာလှလှစိုး၏ ရှေ့လုပ်ငန်းစဉ်များအကြောင်း နိုဝင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းတွင် သီးခြားတွေ့ဆုံမေးမြန်းရာတွင် သူမက ယခုလို တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“တယောက်နဲ့တယောက် အပြုသဘောနဲ့ ဝေဖန်ထောက်ပြတာမျိုးလုပ်ပါ။ ဘာလို့လည်းဆိုတော့ ကျွန်မတို့သည် ခေါင်းဆောင်ဖြစ်တဲ့အခါမှာ ဝေဖန်ထောက်ပြမှုကို နားထောင်ရမယ်။ သူတို့သည် ငါတို့ကို ဝေဖန်တာဘဲဆိုပြီး ထစ်ခနဲ့ဆို အရေးယူမယ်။ ထစ်ခနဲဆို တရားစွဲမယ်။ အဲ့ဒါက is not the reason။ ဒါ အစိုးရကောင်းတစ်ရပ်ရဲ့ ပုံစံမဟုတ်ဘူး။ အဲ့တော့ ဝေဖန်ပါ။ အပြုသဘောနဲ့ ဝေဖန်ပါ၊ လက်တွဲပါ၊ မဟုတ်တာရှိရင်လည်း ထောက်ပြပါ” ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲကာလတွင် ရန်ကုန်တိုင်းဒေသကြီးအနှံ့မရောက်ရှိသဖြင့် မိမိအားမတွေ့ဖူးသော်လည်း ယုံကြည်၍ မဲပေးခဲ့သည်ကိုတွေ့ကြောင်း၊ ယင်းသည် မိခင်ပါတီ NLD နှင့် NLD ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်သည့်အတွက်မဲရခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

သို့သော်လည်း မိမိအနေဖြင့် မဲပေးသူများနှင့် မဲမပေးသူအားလုံးအတွက် ကိုပါလုပ်ဆောင် သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ သဘာဝအရ အတွန်းအတိုက်များ ရှိသလို အားလုံး ရုန်းကန်ရကြောင်း၊ မိမိနှင့် ပြိုင်ဘက် ကောင်းများကိုလည်း ဂုဏ်ပြုလိုကြောင်း နော်စူဆဲနာလှလှစိုးက ပြောသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုး ရေးရာမဲဆန္ဒနယ်တွင် KPP မှ မန်းသန်းဝင်းဦး၊ NLD မှ နော်စူဆဲနာလှလှစိုး၊ USDP မှ စောဂျက်ကော့ထူး၊ UNDP မှ နော်အုန်းလှ၊ PPP မှ နော်လင်းသင်္ဂီထွန်းနှင့် UBP မှ ဒေါ်သင်းသင်းခိုင်တို့ ဝင်ပြိုင်ခဲ့ပြီး နော်စူစဲနာလှလှစိုးက မဲရရှိမှု ၇၁ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရခဲ့သည်။

“ကျမတို့နိုင်ငံက တိုင်းရင်းသားတွေ အများကြီးနေတဲ့ နိုင်ငံဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးကို ခြုံငုံပြီးတော့လည်း ကြည့်တက်ရမယ်။ ကျမတို့ အမျိုးသားတွေရဲ့ အခွင့်အရေး တန်းတူညီမျှရေးကိုလည်း လုပ်ရမယ်။ တစ်ခုထဲကိုကြည့်ရင် ကျမတို့ တစ်ဖက်စွန်းကို ရောက်သွားမှာပဲ။ ကျယ်ကျယ် ပြန့်ပြန့်ကြည့်ပီးတော့ လက်တွဲလုပ်ဆောင်မှ ကျမတို့လိုချင်တဲ့ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော်ကြီးကို အမြန်ဆုံးရောက်ရှိမှာ ဖြစ်တယ်” ဟု ၎င်းကပြောသည်။

နော်စူဆဲနာလှလှစိုးသည် ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအသင်း (KWEG) ကို တည်ထောင်ခဲ့သူတဦးဖြစ်ပြီး ကရင်လူမှုအဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့သူတဦးဖြစ်ကာ ၂၀၁၄ ခုနှစ်တွင် ရန်ကုန် စည်ပင်သာယာရေးကော်မတီဝင်ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ဖူးသည်။

၂၀၁၅ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်သို့ ဝင်ရောက်ခဲ့ပြီးနောက် ပါတီနိုင်ငံရေးဘက်သို့ ကူးပြောင်းခဲ့ကာ ၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် အမှတ် -၉ တွင် အရွေးခံရကာ ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်ကရင်ရေးရာဝန်ကြီးအဖြစ် ထပ်မံအရွေးခံရခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...